myaelatt athan

Sharing Information to the Local

ပျောက်ဆုံးနေတဲ့ မန္တလေးကဆယ်ကျော်သက်ညီအကို ကို ၈ ရက်အကြာမှာ သေဆုံးလျက်တွေ့ခဲ့ပြီး လူငယ်ချင်းသတ်ဖြတ်မှုဖြစ်ကြောင်း ရဲစခန်းက အကြောင်းကြားထား (ရုပ်/သံ)

မန္တလေး၊ မတ် ၁၄၊ ၂၀၂၅။

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ညောင်ပင်သာရွာကနေ ပျောက်ဆုံးနေတဲ့ ညီအကို ၂ ဦးကို ၈ ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ပျောက်ဆုံးနေသူတွေဟာ အသက် ၁၃ နှစ် မောင်အောင်ခန့်ဦးနဲ့ ညီဝမ်းကွဲတော်စပ်သူ အသက် ၁၀ နှစ် မောင်ပြည့်စုံကျော်တို့ဖြစ်ပြီး ၎င်းတို့ ၂ ဦးဟာ မတ် ၂ ရက်ကစတင်ကာ နေအိမ်တွေကနေပျောက်ဆုံးနေရာက စဉ့်ကိုင်မြို့နယ်၊ ရဲရွာသစ်ကျေးရွာရဲ့အနောက်ဘက်လျှိုမြောင်အတွင်းမှာ မတ် ၁၀ ရက်က သေဆုံးလျက်ပြန်တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

” စခန်းကတွေ့တယ်ဆိုလို့ အကြောင်းကြားလို့ သိရတာ။ အလောင်းမြင်ရချိန်မှာတော့ ခြေထောက်တွေ၊ ခေါင်းတွေ အကုန်ကြေနေတာကိုတော့ မြင်ရတယ်။ နှစ်ယောက်စလုံးက အဲလိုတွေ့ရတာ။ ကျောက်ခဲနဲ့ထုသတ်ထားတယ်လို့တော့ သိထားရတယ်။”လို့ မိသားစုနဲ့နီးစပ်သူတဦး မြေလတ်အသံကို ပြောပါတယ်။

ပျောက်ဆုံးကလေး ၂ ဦးအသတ်ခံရတာနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေလို့ယူဆထားတဲ့ ပြည်ကြီးတံခွန်မြို့နယ်၊ ညောင်ဝန်းကျေးရွာနေ လူငယ် ၄ ဦးကို နယ်မြေခံရဲစခန်းက ဖမ်းဆီးစစ်ဆေးနေကာ ဖမ်းဆီးခံရသူတွေက ဘယ်သူတွေဆိုတာနဲ့ ဘာကြောင့်သတ်ဖြတ်ခဲ့တယ်ဆိုတာကို မသိရသေးဘူးလို့ဆိုပါတယ်။

ဆယ်ကျော်သက်ညီအကို ၂ ဦးရုပ်အလောင်းပြန်တွေ့ခဲ့တဲ့နေရာဟာ မြစ်ငယ်မြစ်ရဲ့တဖက်ကမ်းဖြစ်လို့ နေထိုင်ရာကျေးရွာနဲ့ ၁၀ မိုင်ကျော်ကွာဝေးပြီး ရုပ်အလောင်းတွေကို မတ် ၁၁ ရက်မှာ ပြန်သယ်ဆောင်သင်္ဂြိုဟ်ပေးခဲ့ကာ မတ် ၁၃ ရက်မှာ အလောင်းတွေ့ရှိတဲ့နေရာမှာ သပိတ်ဆွမ်းသွပ်အလှူပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

အမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ လူငယ် ၄ ဦးနဲ့ပတ်သက်တဲ့ အချက်အလက်တွေနဲ့ ဘာကြောင့်သတ်ခဲ့တယ်ဆိုတာကို တရားရုံးတင်မှသိရမှာဖြစ်ကြောင်း ရဲဘက်ကအကြောင်းကြားထားလို့ တရားရုံးတင်မယ့်ရက်ကို နစ်နာသူမိသားစုဝင်တွေဘက်က စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ၊ တည်းဖြတ် – HP

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။