ဆင်ဖြူကျွန်းမှာ စစ်ကြောင်းလှည့်ထိုးနေတဲ့စစ်ကောင်စီတပ်က ကုက္ကိုတန်းရွာကို မီးလောင်ဗုံးနဲ့ပစ်လို့ ရွာလုံးကျွတ်နီးပါးနေအိမ်တွေမီးလောင်

ဆင်ဖြူကျွန်း၊ မတ် ၁၄၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နယ်အတွင်း လှည့်ပတ်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က ကုက္ကိုတန်းကျေးရွာကို မီးလောင်ဗုံး၊လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ နေအိမ် ၃၀၀ ခန့် မီးလောင်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မတ် ၁၃ ရက် မနေ့ည ၉ နာရီ ၄၅ မိနစ်လောက်မှာ ကျပင်းကျေးရွာအနီး ကြက်ရိုးတောင်ပေါ်မှာ ယာယီတပ်စွဲနေတဲ့ အဆိုပါစစ်ကောင်စီစစ်ကြောင်းက ကုက္ကိုတန်းကျေးရွာကို လက်နက်ကြီး၊ မီးလောင်ဗုံးတွေနဲ့ပစ်ခတ်ခဲတာလို့ဆိုပါတယ်။

“ အခုကတော့ တရွာလုံးကုန်ပြီလို့ သိရတယ်၊ မီးကတော်တော်ပြင်းတယ်” လို့ ကုက္ကိုတန်းရွာခံအမျိုးသမီးတဦးက မြေလတ်အသံကို ပြောပါတယ်။

မီးလောင်ဗုံးကြောင့် အိမ်ခြေ ၃၀၀ ဝန်းကျင် လူဦးရေ ၁,၅၀၀ ခန့်ရှိ ကုက္ကိုတန်းကျေးရွာမှာ ရွာလုံးကျွတ်နီးပါးနေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ပြီး ဒေသခံတွေက စစ်ကောင်စီစစ်ကြောင်းစတင်ဝင်ရောက်တဲ့ မတ် ၈ ရက်က စတင်ကာ ရိက္ခာနဲ့ပစ္စည်းတချို့ယူဆောင်ကာ နီးစပ်ရာတောစပ်တွေမှာ စစ်ရှောင်နေကြရတယ်လို့ ဆိုပါတယ်။

မတ်လဒုတိယအပတ်က စတင်ကာ စစ်ကောင်စီတပ်ဖွဲ့က ဆင်ဖြူကျွန်းနယ်အတွင်း စစ်ကြောင်းထိုးမီးရှို့တာနေတာကြောင့် ကုက္ကိုတန်းရွာအပါအဝင် ကျေးရွာ ၂၀ ခန့်က ဒေသခံ ၁၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာကို အရေးပေါ်စစ်ရှောင်နေကြရတာပါ။

အဆိုပါစစ်ကောင်စီတပ်ဟာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ နဲ့ စလင်း ခလရ ၂၅၃၊ ခလရ ၂၅၄၊ ခလရ ၂၅၅ တပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော်ပါ ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး လက်ရှိမှာ ကျပင်းကျေးရွာအနီးမှာပဲ ယာယီတပ်စွဲထားတယ်လို့ သိရပါတယ်။

၎င်းစစ်ကြောင်းကပဲ မတ် ၁၁ နဲ့ ၁၂ ရက်တွေမှာလည်း ကျပင်းရွာနဲ့ နေပူကန်ရွာက နေအိမ်တွေကို မီးရှို့ခဲ့လို့ နေအိမ် ၈၀ ကျော်မီးလောင်ဆုံးရှုံးခဲ့ပါသေးတယ်။

စာတည်း – ဟိန်းစံ

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။