Updated – ရွှေကျင်မှာ မင်္ဂလာဆောင်ပွဲဗုံးကြဲခံရပြီး သတို့သမီးအပါ လူ ၁၀ ဦး သေဆုံး

ရွှေကျင်၊ မေ ၂၅၊ ၂၀၂၅ ။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ဟင်္သာဝဲကျေးရွာအုပ်စု၊ ကျွန်းကြီးကျေးရွာမှာ မင်္ဂလာဆောင်ပွဲပြုလုပ်နေတဲ့နေရာ လေယာဉ်ဗုံးကြဲခံရပြီး သတို့သမီးအပါ ၁၀ ဦး သေဆုံးကာ အများအပြားဒဏ်ရာရထားတယ်လို့ ဒေသခံတွေနဲ့ မြို့နယ်ပကဖထံက သိရပါတယ်။

မေ ၂၅ ရက် ဒီကနေ့ မနက် ၁၀ နာရီကျော်မှာ ကျေးရွာတွင်းကျင်းပနေတဲ့ မင်္ဂလာဆောင်ကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံး ၁ လုံးကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး မင်္ဂလာဆောင်ခန်းမနဲ့ ချက်ပြုတ်တဲ့နေရာအကြားကို ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

” နယ်မြေခံရဲဘော်တွေထံက သိထားရတဲ့သတင်းအရက မင်္ဂလာဆောင်ခန်းမနဲ့ ချက်ပြုတ်တဲ့နေရာကြားကို ကျတာလို့တော့ သိရတယ်။ ဗုံးကတော့ ၁ လုံးပဲ”လို့ ရွှေကျင်မြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ ကလေး ၁ ဦးအပါ လူ ၈ ဦး သေဆုံးထားပြီး ၉ ဦးဒဏ်ရာရထားကာ အဲ့ဒီထဲက ၂ ဦးစိုးရိမ်ရတယ်လို့ ဒေသခံတပ်ဖွဲ့ဝင်တဦးထံက သိရှိထားပြီး သေဆုံးမှုအသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေပါတယ်။

ထပ်မံသိရှိရသည့်အချက်အလက်အရ သေဆုံးသူစုစုပေါင်း ၁၀ ဦးအထိ ရှိလာပြီး ဒဏ်ရာရသူ ၃၀ ဦးကျော် ရှိတယ်လို့ သိရှိရပါတယ်။

ကနဦးစာရင်းတွေအရ ဗုံးပေါက်ကွဲမှုကြောင့် သတို့သမီးအပါအဝင် ၁၀ ဦးဝန်းကျင် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၃၀ ကျော်ရှိနိုင်ကာ လတ်တလောမှာ ထိခိုက်ဒဏ်ရာရသူတွေကို ဆေးကုသဖို့နဲ့ သေဆုံးသူတွေကို သယ်ထုတ်နိုင်ဖို့လုပ်ဆောင်နေကာ ထိခိုက်သေဆုံးမှုအသေးစိတ်ကို မသိရသေးဘူးလို့ ရွှေကျင်ပကဖတာဝန်ရှိသူက ပြောပါတယ်။

ဗုံးကြဲခံရတဲ့ မင်္ဂလာဆောင်ပွဲပြုလုပ်သူတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဆက်စပ်မှုမရှိတဲ့ အရပ်သားပြည်သူတွေရဲ့ မင်္ဂလာဆောင်ပွဲဖြစ်တယ်လို့ သိရပါတယ်။

စာတည်း – ဟိန်းစံ

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။