myaelatt athan

Sharing Information to the Local

မြစ်ရေ အတက်ကြမ်းမှုကြောင့် ရေလည်ကျွန်း ရွာ ၁၅ ရွာလုံး ရေလွှမ်းသွားမှာကို ဒေသခံတွေ စိုးရိမ်နေ (ရုပ်/သံ)

မကွေး၊ ဇူလိုင် ၁၁၊ ၂၀၂၄။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလည်ကျွန်းမှာ ချင်းတွင်းမြစ်ရေအတက်ကြမ်းနေတာ ၁ ပတ်ခန့်ရှိပြီဖြစ်လို့ တရွာလုံး ရေလွှမ်းသွားမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ရေလည်ကျွန်းမှာ ရွာပေါင်း ၁၅ ရွာရှိကာ အခုလက်ရှိ အဲဒီ ၁၅ ရွာစလုံးဟာ ရေးဘေးသင့်နေပြီး ဆက်ပြီးမြစ်ရေတိုးလာပါက ချက်ပြုတ်စားသောက်ဖို့ခက်ခဲလာနိုင်သလို သောက်သုံးရေအတွက်လည်း စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

“မီးရတဲ့ရွာတွေကလည်း လောလောဆယ်ဆယ် မီးကပြတ်နေတယ်။ မီးပြတ်နေတော့ ထမင်းလည်း မချက်ရဘူး။ ထင်း နဲ့ ချက်ဖို့က ချက်စရာ ထင်းလည်းမရှိဘူး။ ထမင်းချက်တဲ့နေရာလည်း မြုပ်နေပြီ။ ရေဆက်တက်ရင် ရေကြည်သောက်စရာ မရှိတော့ဘူး။” လို့ မိဖုရားကျေးရွာ ဒေသခံတဦးက ပြောပါတယ်။

ချင်းတွင်းမြစ်ရေ ဆက်လက်တိုးလာပါက ဘုန်းကြီးကျောင်း နဲ့ ကုန်းမြင့်နေရာတွေမှာ သွားရောက်ရှောင်တိမ်းလို့ရပေမယ့် အိမ်မွေးတိရိစ္ဆာန်တွေဖြစ်တဲ့ နွားတွေကိုတော့ ဘယ်မှာသွားထားရမလဲဆိုတာကို စိတ်ပူနေကြသလို သူတို့ရဲ့ ရိက္ခာတွေလည်း ရေထဲမျောပါသွားကာ နောက်ထပ်သွားရောက်ရိတ်သိမ်းဖို့ကိုလည်း ရေတွေမြုပ်နေတဲ့အတွက် မရိတ်နိုင်တော့ ရေရှည်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို မတွေးရဲဘူးလို့လည်း သူကဆက်ပြောပါတယ်။

“မြစ်ကြီးနားကလည်း ရေကမကျသေးတော့ ဆက်ပြီးတော့ တိုးဖို့ပဲကျန်တော့တယ်။ တကယ်လို့ ရေဆက်တိုးလာရင်တော့ ကယ်ဆယ်ရေးတွေလာရင်လာ မလာရင်တော့ ဖြစ်သလိုပဲနေရတော့မယ်။ ဘုန်းကြီးကျောင်းမှာလည်း ရေဝင်နေပြီ။ လူတွေထက် နွားတွေက ပိုဆိုးတယ်။ နွားတွေကျတော့ ရေတက်သွားရင် ဘယ်မှ ထားစရာမရှိဘူး။ ရေပေါ်လည်း ရပ်လို့မရဘူးလေ ကုန်းတွေက ရေမြုပ်ကာနီးပြီ ဒီထက် ရေတထွာတမိုက်လောက် တက်လာရင် ရွာထဲနေလို့မရတော့ဘူး ” လို့ ဆိုပါတယ်။

လက်ရှိ မြစ်ရေတက်လာနေဆဲဖြစ်တဲ့အတွက် လှေမရှိတဲ့ ပြည်သူတွေဟာ ရွာထဲစျေးဝယ်သွားတဲ့အခါ လည်ပင်းလောက်နစ်တဲ့ရေတွေကို ကူးသွားရပြီး အသက်အန္တရာယ်ကျရောက်နိုင်လို့ အလှူရှင်တွေ လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

ရေလည်ကျွန်းဒေသမှာ အခုလိုရေကြီးရေလျှံမှုဖြစ်တာဟာ ဒုတိယအကြိမ်တာဖြစ်တယ်လို့လည်း သိရပါတယ်။ ယခင်က ဝါဆို၊ ဝါခေါင်လတွေလောက်သာရေးကြီးမှု အနည်းငယ်သာဖြစ်ပြီး တပတ်ဆယ်ရက်လောက်ဆိုရင် ရေတွေ ပြန်ကျသွားတယ်လို့ သိရပါတယ်။

တည်းဖြတ် – ငြိမ်းဇော်

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။