ခမရ ၅၉၈ အနီး တိုက်ပွဲဆက်ဖြစ်နေ၊ တပ်ရင်းကို ပြန်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီထုတ်ပြန်လာ

ရွှေကျင်၊ မေ ၁၂၊ ၂၀၂၅။

တော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်က ခမရ ၅၉၈ တပ်ရင်းကို ပြန်လည်ထိန်းချုပ်ထားနိုင်တယ်လို့ မေ ၁၂ ရက်ဒီနေ့မှာ စစ်ကောင်စီကသတင်းထုတ်ပြန်လာပါတယ်။

မေ ၈ ရက်မနက် ၅ နာရီခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေက ခမရ ၅၉၈ တပ်ကိုစတင် တိုက်ခိုက်ရာ မေ ၁၀ ရက်ထိတိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ထိခိုက်ကျဆုံးများတဲ့အတွက် တပ်ရင်းဌာနချုပ်ကနေဆုတ်ခွာပေးခဲ့ပြီး မေ ၁၁ ရက်မှာ တန်ပြန်တိုက်ခိုက်ကာ တပ်ရင်းကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်ဆိုပြီး ဖော်ပြထားတာပါ။

တိုက်ပွဲအတွင်း ၎င်းတို့ဘက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးပြီး KNLA ပူးပေါင်းတပ်တွေဘက်က သေဆုံး ၆ ဦးအလောင်း၊ လက်နက်မျိုးစုံ ၁၀ လက်၊ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး မြေပြင်တိုက်ခိုက်ရေးပါတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင် တချို့တဝက်လောက် တပ်ရင်းထဲပြန်ရောက်သွားတာဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“ကာတော့ကာထားကြတယ်။ အဲ့ဒီနေ့ (မေ ၁၁) က ပိတ်ထားတဲ့နေရာတခုက ပေါက်သွားတယ်လို့ ကြားတယ်။ ကိုယ့်ဘက်က ပေါက်သွားလို့ ဝင်လို့ရသွားတာနေမယ်။ လေယာဥ်နဲ့လည်း တအားဖိပစ်တာတွေ ရှိတယ်။ ပေါက်လဲ ကြာကြာနေလို့ရမှာမဟုတ်ဘူး။ ဒီဘက်က ရိက္ခာလမ်းကြောင်း ဖြတ်ထားတာဆိုတော့”လို့ မြေပြင်တိုက်ခိုက်ရေးပါတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။

နောက်ထပ် PDF ထောက်လှမ်းရေးတဦးကလည်း “(စစ်ကောင်စီဘက်က) ပြန်တိုးလာတယ်။ ပစ္စည်းတွေသိမ်းဆည်းပြီး တပ်ရင်းထဲကနေဆုတ်ပေးလိုက်တယ်။ သူတို့ ပြန်ထိုင်မယ်ထင်တယ်။ ကားတာယာ အဟောင်းတွေ ပို့နေတာရှိတယ်။” လို့ ပြောပါတယ်။

လက်ရှိမှာ ခမရ ၅၉၈ နဲ့ နဲ့အနီးတဝိုက်ကို တော်လှန်ရေးတပ်တွေဘက်က ပိတ်ဆို့ထားဆဲဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း စစ်ကူအင်အား ၅၀၀ ဝန်းကျင်နဲ့ မြေပြင်စစ်ကြောင်းထိုးတိုက်ခိုက်နေကာ လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ အများအပြားပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီမနက်ပိုင်းမှာလည်း ကွမ်းဆိပ်၊ ညောင်ခြေထောက် ကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေကြောင်းသိရှိရပြီး သိမ်ဇရပ်အခြေစိုက် ခမရ ၂၀၇၊ အမတ ၃၁၀ တပ်တွေနဲ့ သူရဲသမိန်နဲ့ လက်ပန်ကျေးရွာမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်တွေကနေ လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်ခတ်နေပြီး တိုက်ပွဲနဲ့ပတ်သက်တဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ မေ ၁၁ ရက် ထုတ်ပြန်ချက်အရ အဆိုပါတိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး စစ်ကောင်စီတပ်သား ၆ ဦး၊ မိသားစုဝင် ၇ ဦးအရှင်ဖမ်းမိပြီး ပွိုင့် 5 စက်သေနတ်၊ ၇၅ နောက်ပွင့်၊ ၈၁ မမ၊ ၆၀ မမ လက်နက်ကြီးများအပါအဝင် လက်နက်မျိုးစုံနဲ့ ခဲယမ်းတွေ သိမ်းနိုင်ခဲ့တယ်လို့ NUG ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စာတည်း – လင်း

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။