မြိုင်၊ မေ ၆၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း ၂ ဖက်ထိခိုက်၊ သေဆုံးမှုရှိပြီး မေ ၆ ရက် ဒီကနေ့ထိ စစ်ရေးတင်းမာတဲ့အခြေအနေရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
မေ ၁ ရက်မှာ မြိုင်မြို့နယ်ထဲကိုဝင်ရောက်လာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ သစ်ကြီးတောရွာနဲ့ လေးတန်းရွာအနီး မေ ၂ ရက်မှာ စတင်တိုက်ပွဲ ဖြစ်ခဲ့ကြတာပါ။
လေးတန်းရွာ အနီးတဝိုက်တွေမှာတိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်ကစုစုပေါင်း ၂၀ ဦးဝန်းကျင် သေဆုံးကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရထားတွေရှိတယ်လို့ တိုက်ခိုက်ရေးမှာပါဝင်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို M.V.P Revolution force၊ 8+အညာမြေစစ်ဆင်ရေး၊ မြိုင်မြို့နယ်ပကဖ အပါ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲအကြိမ်အရေကများတဲ့အတွက် လိုအပ်မှုတွေလည်းရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီနေ့လယ်အထိ လက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိနေပြီး စစ်ရေးအခြေအနေ တင်းမာမှုရှိနေတယ်လို့ သူကဆက်ပြောပါတယ်။
တိုက်ခိုက်မှုတွေအတွင်း ၂ ဖက်ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဆိုပါစစ်ကြောင်းဟာ မေ ၆ ရက်အထိ သစ်ကြီးတော၊ လေးတန်း၊ ပေါက်ပင်ကိုင်း စတဲ့ကျေးရွာတွေမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။
မေ ၅ ရက် ည ၈ နာရီခန့်ကလည်း မြိုင်မြို့နယ်နဲ့ပခုက္ကူမြို့အစပ်က ဇောင်ဂျမ်းကုန်းရွာနဲ့ ရွာသစ်ရွာကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းနဲ့ အဆောက်အဦတချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် မြိုင်မြို့နယ်၊ မင်းကန်၊ မြေနု၊ ပေါက်တော၊ ပေါက်ပင်ကိုင်း၊ မြို့သာ၊ သစ်ကြီးတော၊ လေးတန်း၊ ထတောကြီး၊ သင်းပေါင်းကန်၊ ညောင်ညိုတော၊ ဂွေးပင်၊ ချောင်းဂွ၊ လက်ပံအိုင့်၊ တောဝေးကန် စတဲ့ရွာတွေအပါအဝင် ရွာပေါင်း ၂၀ ကျော်က ဒေသခံ ၇,၀၀၀ ကျော် အရေးပေါ် စစ်ရှောင်နေကြဖို့ စားနပ်ရိက္ခာလိုအပ်ချက်တွေလည်းရှိနေပါတယ်။
တိုက်ပွဲဖြစ်တဲ့ မေ ၂ ရက်မှာလည်း လေးတန်းရွာက နေအိမ် ၅ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့ပြီး လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။
တည်းဖြတ် – HP