မြိုင်၊ မေ ၅၊ ၂၀၂၅။
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းဖြစ်ပွားနေတဲ့တိုက်ပွဲအတွင်း ၂ ဖက်ထိခိုက်၊ သေဆုံးမှုရှိပြီး မေ ၅ ရက် ဒီကနေ့ထိ စစ်ရေးတင်းမာတဲ့အခြေအနေရှိတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
မေ ၁ ရက်မှာ မြိုင်မြို့နယ်ထဲကိုဝင်ရောက်လာတဲ့ အင်အား ၂၀၀ ဝန်းကျင်ပါစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တို့ သစ်ကြီးတောရွာနဲ့ လေးတန်းရွာအနီး မေ ၂ ရက်မှာ စတင်တိုက်ပွဲ ဖြစ်ခဲ့ကြတာပါ။
“၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ တိုက်ပွဲလေးတွေကတော့ နေ့စဉ်ဖြစ်နေတာပါ။ သူတို့ဘက်က ထွက်လာလိုက် ပစ်လိုက်ကိုယ်တွေဘက်ကတက်ပစ်လိုက်ပါပဲ။ အကြိမ်ရေကတော့ ပြန်တောင် စဉ်းစားရမှာပါ”လို့ 8+အညာမြေစစ်ဆင်ရေးမှ ကိုဆံရှည်ကဆိုပါတယ်။

လေးတန်းရွာ အနီးတဝိုက်တွေမှာတိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်ကစုစုပေါင်း ၂၀ ဦးဝန်းကျင် သေဆုံးကာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်ကလည်း ထိခိုက်ဒဏ်ရာရထားတွေရှိတယ်လို့ တိုက်ခိုက်ရေးမှာပါဝင်တဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“၂ ရက်နေ့တိုက်ပွဲမှာတော့ မျက်မြင်က ၅ ကောင်ပေါ့။ ဒဏ်ရာရတာတွေကလည်း ကျဆုံးနိုင်တယ်။ အတွင်းသတင်းအရ လေးတန်းရွာထဲမှာလည်း ၅ လောင်းမြှုပ်လိုက်တယ်လို့ ကြားတယ်။ အလောင်းတွေလည်း ရွာပြင်တွေရွာစပ်တွေမှာ ကျန်နေခဲ့တယ်” လို့ M.V.P Revolution Force ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။
ဒီတိုက်ခိုက်မှုကို M.V.P Revolution force၊ 8+အညာမြေစစ်ဆင်ရေး၊ မြိုင်မြို့နယ်ပကဖ အပါ မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲအကြိမ်အရေကများတဲ့အတွက် လိုအပ်မှုတွေလည်းရှိတယ်လို့ သိရပါတယ်။
“ကျနော်တို့ Local အဖွဲ့လေးတွေအနေနဲ့က စစ်ကောင်စီတပ်နဲ့ထိတွေ့မှုအကြိမ်ရေကအရမ်းကိုများပြီး ကျည်ပမာဏတော်တော်များများကုန်သွားတော့ ထပ်လိုအပ်နေတဲ့အတွက် ပြည်သူတွေအနေနဲ့ ကူညီလို့ရရင်ကူညီပေးကြပါလို့လည်းပြောချင်တယ်။ အဲ့တာမှရှေ့ကို ဆက်တိုးတိုက်လို့ရမှာ”လို့ M.V.P Revolution Force ပြန်ကြားရေးတာဝန်ခံ ကပြောပါတယ်။
ဒါ့အပြင် ဒီနေ့လယ်အထိ လက်နက်ကြီးပစ်ခတ်မှုတွေလည်းရှိနေပြီး စစ်ရေးအခြေအနေ တင်းမာမှုရှိနေတယ်လို့ သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုတွေအတွင်း ၂ ဖက်ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
အဆိုပါစစ်ကြောင်းဟာ လက်ရှိအချိန်ထိသစ်ကြီးတော၊ လေးတန်း၊ ပေါက်ပင်ကိုင်း စတဲ့ကျေးရွာတွေမှာ တပ်စွဲထားပြီး ပခုက္ကူမြို့နယ်၊ အောင်သာကျေးရွာဘက်ကလာတဲ့ စစ်ကြောင်းနဲ့ပေါင်းဖို့ စောင့်နေတာဖြစ်နိုင်တယ်လို့ 8+ အညာမြေစစ်ဆင်ရေးအဖွဲ့က ကိုဆံရှည်က ခန့်မှန်းပါတယ်။

တိုက်ပွဲတွေကြောင့် မြိုင်မြို့နယ်၊ မင်းကန်၊ မြေနု၊ ပေါက်တော၊ ပေါက်ပင်ကိုင်း၊ မြို့သာ၊ သစ်ကြီးတော၊ လေးတန်း၊ ထတောကြီး၊ သင်းပေါင်းကန်၊ ညောင်ညိုတော၊ ဂွေးပင်၊ ချောင်းဂွ၊ လက်ပံအိုင့်၊ တောဝေးကန် စတဲ့ရွာတွေအပါအဝင် ရွာပေါင်း ၂၀ ကျော်က ဒေသခံ ၇,၀၀၀ ကျော် အရေးပေါ် စစ်ရှောင်နေကြဖို့ စားနပ်ရိက္ခာလိုအပ်ချက်တွေလည်းရှိနေပါတယ်။

တိုက်ပွဲဖြစ်တဲ့ မေ ၂ ရက်မှာ လေးတန်းရွာက နေအိမ် ၅ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့ပြီး လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။
စာတည်း – လင်း