စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်သတ်ခံရပြီးနောက် လက်နက်ကြီးနဲ့ဆက်တိုက်ပစ်လို့ ဒေသခံတွေတိမ်းရှောင်နေရ

0 12
0 12

မုံရွာ၊ ဧပြီ ၂၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျွဲရဲရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ပစ်သတ်ခံရပြီးနောက် ကျွဲရဲရွာကို နေ့စဉ်လက်နက်ကြီးနဲ့ပစ်ခတ်နေလို့ ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ရွာခံတွေဆီကနေ သိရပါတယ်။

ဧပြီ ၂၃ ရက်မနက်ပိုင်း ၇ နာရီလောက်က ကျွဲရဲရွာအနီးက ရှင်ငါးဆယ်ရွာမှာ တပ်စွဲနေထိုင်ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲက ၁ ပွင့်ဗိုလ် ၁ ဦးနဲ့ တပ်ကြပ် ၁ ဦးဟာ ကျွဲရဲတောင်ရွာဘက်ကို ဆိုင်ကယ်နဲ့ စျေးဝယ်ထွက်လာစဉ် ပစ်ခတ်ခံရပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

“မနက်ပိုင်း သေနတ်သံတော့ ကြားလိုက်ရတယ်၊ ကြက်စာကျွေးမလို့ အစာနှိုက်နေတုန်း ဒိုင်းဒိုင်းဆိုပြီး လေးငါးချက်လောက် ရှိတယ်၊ ဒီလိုပဲ ပစ်ခတ်ကြတယ်ပဲထင်တာ၊ နောက်မှ ရွာထဲကလူတွေ ပြောကြမှ စစ်သား ၂ ယောက် သေသွားတယ် သိရတာ။”လို့ ရွာခံကြက်သွန်စိုက်တောင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပုံစာ- ကျွဲရဲရွာခံတွေ ယာယီတဲများ ဆောက်လုပ်ပြီး စစ်ဘေးရှောင်နေကြရစဉ်။
ပုံစာ- ကျွဲရဲရွာခံတွေ ယာယီတဲများ ဆောက်လုပ်ပြီး စစ်ဘေးရှောင်နေကြရစဉ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်၂ ဦး ပစ်ခတ်ခံရတဲ့ညပိုင်းကစပြီး ဧပြီ ၂၅ ရက် မနေ့ကညပိုင်းအထိ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကနေ ကျွဲရဲ (တောင်ရွာ)နဲ့ မြောက်ရွာကို နေ့စဉ်လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အတွက် ဒေသခံ ၃,၀၀၀ ကျော် ဘေးလွတ်ရာတွေဆီကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

“မနက်ရောညရော ထုနေကြတာ၊ ဖြစ်ဖြစ်ချင်းနေ့က ညပိုင်းထုတာကတော့ ရွာအပြင်ဘက်ကျလို့၊ ရွာထဲကျရင် သေကြဦးမှာ၊ အဲ့နေ့ညကတည်းက မနေရဲတော့လို့ နောက်ရက်မနက်ကျ ရွာက ရွာလုံးကျွတ် ရှောင်နေကြတော့တာ။”လို့ အထက်ပါတောင်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ပုံစာ- ကျွဲရဲရွာခံတွေ ယာယီတဲများ ဆောက်လုပ်ပြီး စစ်ဘေးရှောင်နေကြရစဉ်။

သက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ရွာခံ ၃,၀၀၀ ကျော်ဟာ ဘေးလွတ်ရာတွေဆီမှာနေထိုင်ကြပြီး စားနပ်ရိက္ခာနဲ့ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းအချို့ကိုတော့ ရွာထဲကို ခဏတာဝင်ရောက်ယူကြရတယ်လို့ သိရပါတယ်။

ကျွဲရဲရွာထဲကို စစ်ကြောင်းထိုမယ်ဆိုတဲ့ အရပ်စကားတွေ ထွက်ပေါ်နေတာကြောင့် လက်ရှိ ဧပြီ ၂၆ ရက်အထိ ရွာထဲကို ပြန်လည်မဝင်ရောက်ကြသေးဘူးလို့လည်း ဆိုပါတယ်။

ပုံစာ- ကျွဲရဲရွာခံတွေ ယာယီတဲများ ဆောက်လုပ်ပြီး စစ်ဘေးရှောင်နေကြရစဉ်။

ပြီးခဲ့တဲ့ ဧပြီ ၂၅ ရက် မနက် ၉ နာရီ ၁၀ မိနစ်လောက်က မုံရွာမြို့နယ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ ကနေ ၆၀ မမ လက်နက်ကြီးသုံးလုံးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကံပြားကြီးကျေးရွာအုပ်စု၊ ရွာတော်ရွာက ရွာခံ ၄ ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သတင်း- ခေတ်သဒ္ဒါ၊ စာတည်း- လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။