ကြို့ပင်ကောက်၊ ဧပြီ ၂၆၊ ၂၀၂၅။
ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်နဲ့ ပေါင်းတလည်မြို့မှာ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ကြတယ်လို့ သက်ဆိုင်ရာကာကွယ်ရေး တပ်တွေက ဧပြီ ၂၅ ရက်မှာထုတ်ပြန်လာပါတယ်။
ကြို့ပင်ကောက်မြို့နယ်အခြေစိုက် BTZM GBK PDF တပ်ဖွဲ့နဲ့ ပေါင်းတည်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့က ထုတ်ပြန်လာခဲ့တာပါ။
ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းနယ်မြေရဲစခန်းကနေ ဆိုင်ကယ် အစီး ၂၀ နဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဧပြီ ၂၄ ရက် မနက် ၉ နာရီလောက်က တောင်ပို့ပြောင်ရွာနဲ့ ကြို့ပင်စခန်းရွာကြားမှာ မိုင်းဆွဲပြီးလက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တယ်လို့ BTZM GBK PDF တပ်ဖွဲ့ခေါင်းဆောင် ရဲဘော်တေဇမင်းက ပြောပါတယ်။
“မိုင်းဆွဲလိုက်တဲ့အခါမှာ ၁၀ ဦးလောက်သေတယ်။ လက်နက်ကောက်တဲ့အခါမှာ စစ်ကူတွေ ရောက်လာလို့ မကောက်ရဘူး။ စစ်ကူကပစ်တဲ့ကျည် ကျနော်တို့ ရဲဘော် ၁ ဦးရဲ့ ကျောကိုဖောက်ဝင်ပြီး တဦးကျသွားတယ်”လို့ ဆိုပါတယ်။
အလားတူ ပေါက်ခေါင်းမြို့နယ် ခလရ ၅၃ ကနေ ပေါင်းတလည်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ ပါစစ်ကြောင်းကိုလည်း ဧပြီ ၂၃ ရက်ညနေ ၅ နာရီမှာ သပြေတောင်ကုန်းတန်းအနီး ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်း တပ်ခွဲ ၅ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။
“နတ်တလင်းရွာဘက်လောက်ကနေ ကားပေါ်ကဆင်းပြီး ခြေလျင်လာကြတာကို မိုင်း ၄ လုံးဆွဲလိုက်တာ၊ ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ပတ်လည်မိုင်း ၂ လုံး အကုန်လုံးထိတယ်“ လို့ ၃၆၀၁ တပ်ရင်း စစ်ထောက်လှမ်းရေးနဲ့သတင်းပြန်ကြားတာဝန်ခံ Shadow က ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃ ဦးသေကာ ၇ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ တပ်ရင်းဆီက သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ပဲခူးတိုင်းအနောက်ခြမ်းမှာ ဧပြီဒုတိယပတ်လောက်ကစတင်ကာ စစ်ကောင်စီနဲ့ ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တို့ မကြာခဏထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ရန်ကုန်-ပြည်ကားလမ်းဘေးရှိ ၅၃ စားသောက်ဆိုင်မှာ နေ့လယ်စာစားနေတဲ့ စစ်အုပ်စုဝင်တွေကို တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ဧပြီ ၂၁ မွန်းလွဲပိုင်းမှာလည်း ပေါင်းတည်မြို့နယ် မှတ်တိုင်နယ်မြေရဲစခန်းကနေ ကျောက်ကြီးတောင်စစ်ကောင်စီတပ်ရှေ့တန်းအထိုင်စခန်းကိုပို့မယ့် ရိက္ခာကားကို လုံခြုံရေးယူဖို့လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
သတင်း – မောင်ဆွေအင်း၊ စာတည်း – လင်း