ယင်းမာပင်၊ ဧပြီ ၂၃၊ ၂၀၂၅။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲကနေပြန်လာတဲ့ ABSDF အမှတ် ၃ စစ်ကြောင်း၊ အမှတ် ၁၄ တပ်ရင်းက တပ်ဖွဲ့ဝင်တွေကို ဒေသခံပြည်သူတွေက အောင်သပြေပန်းတွေနဲ့ ဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့ ABSDF Column 3 ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံဆီက သိရပါတယ်။
ဧပြီ ၂၂ ရက် မနေ့က ယင်းမာပင်ခရိုင်အတွင်းရှိ ယင်းမာပင်၊ ပုလဲနဲ့ ကနီက ပြည်သူတွေက ရွာစဉ်ဆက်တိုက် ကြိုဆိုကြတာလို့ ဆိုပါတယ်။
အဆိုပါ မြို့သိမ်းတိုက်ပွဲမှာ ABSDF အမှတ် ၁ စစ်ကြောင်း၊ ABSDF အမှတ် ၃ စစ်ကြောင်း၊ KPDF၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ရင်းတွေအပြင်အခြား မဟာမိတ်တပ်ပေါင်းစုတွေ ပါဝင်တိုက်ခိုက်ခဲ့ပြီးတော့ ABSDF အမှတ် ၁၄ တပ်ရင်းမှ တပ်ဖွဲ့ဝင် သရဲ ကျဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
“ကျဆုံးရဲဘော်က အင်းတော်မှာပဲ သင်္ဂြိုဟ်လိုက်ရတယ်။ သူ့ရဲ့ အရိုးပြာအိုးကိုတော့ ကျနော်တို့ ယူလာခဲ့လိုက်တယ်။ ယင်းမာပင်ခရိုင်ထဲမှာပဲ သူ့ရဲ့တပ်ရင်း အနီးအနားတဝိုက်မှာပဲ အရိုးဂူတည်မယ်ပေါ့။ ပြီးရင် သူ့အတွက် အာဇာနည်ဗိမာန်လေး ဆောက်ပေးထားမှာပါ။” လို့ ABSDF Column – 3 ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော် က ပြောပါတယ်။
အင်းတော်မြို့က ရဲစခန်း၊ ထွေအုပ်ရုံးနဲ့ မြို့တွင်းရှိစစ်ကောင်စီကင်းစခန်းတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက ၂၀၂၄ ဩဂုတ် ၂၄ ရက်မှာ သိမ်းပိုက်ခဲ့ပြီး နောက်ထပ် ၇ လကျော်အကြာ ၂၀၂၅ ဧပြီ ၇ ရက်ညပိုင်းမှာ မြို့ရဲ့နောက်ဆုံးလက်ကျန်စခန်းဖြစ်တဲ့ ဂျပန်လှိုဏ်ဂူစခန်းကုန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – မောင်ဆွေအင်း၊ တည်းဖြတ် – M