myaelatt athan

Sharing Information to the Local

မန္တလေးမြို့မှာ မီးသင်္ဂြိုဟ်ခ နှစ်ဆနီးပါးမြင့်တက်

0
0

မန္တလေး၊ ဧပြီ ၂၂၊ ၂၀၂၅။

မန္တလေးမြို့က သုသာန်တွေမှာ ရုပ်အလောင်းတွေမီးသဂြိုလ်ဖို့ သင်္ဂြိုဟ်ခစျေးနှုန်းတွေ နှစ်ဆနီးပါး မြင့်တက်လာတယ်လို့ လူမှုကူညီရေးအသင်းနဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

ငလျင်ဒဏ်ကြောင့် လူထိခိုက်သေဆုံးမှုများပြားခဲ့တဲ့ မန္တလေးမြို့မှာ ယခင်ကလူကြီးရုပ်အလောင်း ၁ လောင်းကို သဂြိုဟ်ခ ငွေကျပ် ၁၂,၀၀၀ ဝန်းကျင်သာ ရှိပြီး အခု ၂၄,၀၀၀ ကျပ်၊ ကလေးရုပ် အလောင်း ယခင် ၃,၀၀၀ ကျပ် အခု ၆,၀၀၀ ကျပ်ပေးရတယ်လို့ဆိုပါတယ်။

အသက် ၁၂ နှစ်အရွယ်အောက်ကို ကလေးအဖြစ်သတ်မှတ်ပြီး ၁၂ နှစ်အရွယ်ထက် ကျော်ပါက လူကြီးသင်္ဂြိုဟ်ခနှုန်းပေးရကာ ဧပြီ တတိယပတ်အတွင်းမှာစပြီး ခုလို ၂ ဆနီးပါးမြင့်တက်လာခဲ့တာလို့ သိရပါတယ်။

“စျေးတက်တာကတော့ ငလျင်ဖြစ်ပြီး နှစ်ရက်လောက်နေတော့ တစ်ထောင်နှစ်ထောင် စတက်တယ်ဗျ၊ သုဿာန်တိုင်းတော့ မဟုတ်ဘူး၊ ပုံမှန်စျေးနဲ့ ထားပေးခဲ့ကြသေးတယ်၊ သိသိသာသာက မနေ့ကမှ တက်သွားတာ၊ သုဿာန်တိုင်းဘဲ ဒီစျေးနှုန်းဖြစ်သွားပြီ၊” လို့ လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့ဝင် အမျိုးသားတဦးက မြေလတ်အသံကို ပြောပါတယ်။

မန္တလေးမြို့မှာ ငလျင်ဘေးသင့်ပြီး သေဆုံးသူ ဦးရေ ၂,၀၀၀ ကျော်နီးပါးရှိခဲ့တဲ့အတွက် နေ့စဥ် ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ်နေရတာကြောင့် စက်ချို့ယွင်းမှုတွေပြင်ဆင်ဖို့နဲ့ စက်သုံးဆီ ဝယ်ရခက်တာတွေကြောင့် ယခုလို နှစ်ဆမြှင့်ကောက်ခံတာလို့လည်း သူက ဆက်ပြောပြပါတယ်။

မန္တလေးမြို့ခံတွေ ဆုံးပါးသွားပါက မီးသင်္ဂြိုဟ်စက်ရှိတဲ့ တောင်အင်း၊ မြောက်အင်း သုဿာန် နဲ့ အေးရိပ်ငြိမ်းသုဿာန်တွေမှာ အများစုမီးသင်္ဂြိုဟ်ကြတာဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် အဆောက်အဦအမြင့်တွေ ပြိုကျပျက်စီးပြီး လူသေဆုံးမှုများပြားခဲ့တဲ့ မန္တလေးမြို့မှာ ဧပြီ ၂၁ ရက်နေ့အထိ ရုပ်အလောင်းတွေကိုမီးသဂြိုဟ်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – မန္တလေးမြို့က တောင်အင်းမြောက်အင်းသုဿာန်။

သတင်း – ခေတ်သဒ္ဒါ၊ စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။