myaelatt athan

Sharing Information to the Local

ဆင်ဖြူကျွန်းမှာ တိုက်ပွဲပြန်ဖြစ်နေပြီး လေယာဉ်ဗုံးဆက်တိုက်ကြဲနေ

ဆင်ဖြူကျွန်း၊ ဧပြီ ၂၀၊ ၂၀၂၅။

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးမှာတိုက်ပွဲပြန်ဖြစ်နေပြီး ဧပြီ ၂၀ ရက် ဒီနေ့လယ်ပိုင်းကစတင်ကာ စစ်ကောင်စီဘက်က ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့နေတယ်လို့ ဆင်ဖြူကျွန်းမြို့ခံတွေ‌ဆီက သိရပါတယ်။

ဒီနေ့လယ် ၁၂ နာရီကျော်ကစတင်ပြီး မကွေးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ဆင်ဖြူကျွန်းမြို့နယ်အနီး ကျေးရွာတွေကို ပေါင် ၃၀၀၊ ပေါင် ၅၀၀ ဗုံးသီးတွေနဲ့ ကြဲချနေတာလို့ ဆိုပါတယ်။

“နေ့လယ်တုန်းကတော့ ၅ လုံးကြဲချတာ၊ အခုညနေပိုင်းမှာတင် ၁၂ လုံးလောက်ရှိမယ်၊ ဒေသခံတွေကတော့ အကုန်ထွက်ပြေးတိမ်းရှောင်နေရတယ်”လို့ ဆင်ဖြူကျွန်းမြို့ခံတဦးက ပြောပါတယ်။

ကညှပ်ရွာ၊ ပန်းတောကြီးရွာ၊ ပန်းတောလေးရွာတွေဘက်ကို ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး မြေပြင်ကနေလည်းစစ်ကြောင်းထိုးနေတယ်လို့သိရကြောင်း သူက ဆက်ပြောပါတယ်။

“စစ်ကောင်စီဘက်ကလည်း စစ်ကြောင်းထိုးနေတာ၊ သူတို့ဘက်က အထိနာတယ်ထင်တယ်၊ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲဖြစ်နေတာ၊ ချောင်းအနောက် နွယ်တမယ်ဘက်ဆီက လက်နက်သံတွေတော့ ကြားနေရတယ်၊” လို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်နေတဲ့အတွက် မိုးဝန်းကျေးရွာ၊ ကညှပ်ရွာ၊ နောင်တော့ရွာ၊ ပန်းတောကြီးရွာ၊ ပန်းတောလေးရွာ၊ ပန်းထိန်ကုန်းရွာ၊ ကျောက်ကုန်းရွာတွေက ဒေသခံတွေတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပခုက္ကူတပ်မ ၁၀၁ တပ်က ဆင်ဖြူကျွန်းမြို့၊ နွယ်တမယ်တံတားထိပ်မှာ အထိုင်ချပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မြေလတ်အသံကဆက်လက်စုံစမ်းနေပါတယ်။

ပုံစာ – စစ်ကောင်စီတပ်သုံး တိုက်လေယာဉ် ၁ စီး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေစဉ်။ (ပုံဟောင်း)

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။