myaelatt athan

Sharing Information to the Local

၇ မိုင်တိုက်ပွဲမှာ မိုးကုတ်ပကဖနဲ့ ဗျူဟာမှ တပ်ဖွဲ့ဝင် ၄ ဦးကျဆုံး

သပိတ်ကျင်း၊ ဧပြီ ၉၊ ၂၀၂၅။

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ၇ မိုင်ကျေးရွာတိုက်ပွဲမှာ မိုးကုတ်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ မိုးကုတ်ဗျူဟာက တပ်ဖွဲ့ဝင် ၄ ဦးကျဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူကပြောပါတယ်။

ဧပြီ ၃ ရက်တိုက်ပွဲမှာ တိုက်ခိုက်ရေးလေယာဥ် ၁ စီးနဲ့ ဗုံးကြဲခဲ့တာကြောင့် မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်ဖြိုးသက်ပိုင် (ခ) ပိုင်ကြီး ၃၁ နှစ်၊ အောင်ပြည့်စုံ (ခ) စွယ်စုံ ၂၈ နှစ်တို့ ဗုံးစထိမှန်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

“လေယာဉ်နဲ့ ကြဲတဲ့ချိန်မှာ ကျနော်တို့ ရဲဘော်နှစ်ဦးက ဗုံးစမှန်ပြီး ကတုတ်ကျင်းထဲမှာ Dead Body (ရုပ်အလောင်း) ပြန်မကောက်နိုင်အောင်ဖြစ်သွားတယ်”လို့ မိုးကုတ်မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူအမျိုးသားတဦးက ပြောပါတယ်။

အလားတူ ဧပြီ ၇ ရက်နေ့တိုက်ပွဲမှာလည်း လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် မိုးကုတ်ဗျူဟာမှ တပ်ဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့ပြီး နောက်ထပ်တပ်ဖွဲ့ဝင် ၄ ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

၇ မိုင်ကျေးရွာက အင်အား ထောင်ဂဏန်းရှိ စစ်ကောင်စီရဲ့လျှပ်စစ်အင်ဂျင်နီယာတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လွန်ခဲ့တဲ့ ၅ လဝန်းကျင်ကတည်းက ဝိုင်းဝန်ပိတ်ဆို့ထားခဲ့တာလို့ ဆိုပါတယ်။

အဲ့ဒီနောက် ဧပြီ ၃ ရက်မှာ စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေဖြစ်ခဲ့တာလို့ အထက်ပါတာဝန်ရှိသူက ဆိုပါတယ်။

ဒီတိုက်ပွဲမှာ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် – TNLA ၊ မိုးကုတ်ဗျူဟာ၊ MDY PDF၊ မိုးကုတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က တိုက်ပွဲဝင်နေပြီး ဧပြီ ၉ ရက်ဒီနေ့မှာတော့ တိုက်ပွဲငြိမ်နေတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။