ကန့်ဘလူမှာ ဆိုင်ကယ်နဲ့ ခရီးသွားနေတဲ့ ဇနီးမောင်နှံ မိုင်းထိပြီး ဒဏ်ရာရ

0 0
0 0

ကန့်ဘလူ၊ နိုဝင်ဘာ ၂၇၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထိန်တောကျေးရွာနဲ့ ထန်းကုန်းကျေးရွာကြားမှာ မိုင်းထိလို့ လင်မယား ၂ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုင်းထိသူတွေဟာ ထိန်တောကျေးရွာနေ အသက် ၂၃ နှစ်အရွယ် ကိုအေးချမ်းအောင်နဲ့ ဇနီးဖြစ်သူ အသက် ၁၇ နှစ်အရွယ် မမေသူတို့ဖြစ်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့ မနက် ၅ နာရီကျော်ခန့်က ထန်းကုန်းရွာဘက်အသွား မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

“အလုပ်ကိစ္စ လင်မယားနှစ်ယောက် ဆိုင်ကယ်နဲ့သွားရင်း မိုင်းထိတာလို့တော့ သိရတယ်။ ဆိုင်ကယ်ကလည်း အရှိန်ပါနေတော့ ပေါက်ကွဲစတွေက ထိခိုက်မှုနည်းသွားတာ”လို့ ဒေသခံတဦးက ပြောပါတယ်။

မိုင်းပေါက်ကွဲစ ထိမှန်တာကြောင့် အမျိုးသားဖြစ်သူမှာ ခြေထောက်နှစ်ဖက်နဲ့ အမျိုးသမီးလုပ်သူမှာ ဝမ်းဗိုက်နားမှာ ဒဏ်ရာရသွားတာဖြစ်ပြီး ကန့်ဘလူဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။

ထန်းကုန်းကျေးရွာမှာတော့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်းတခုရှိနေပြီး ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတဲ့ ဒေသလည်း ဖြစ်ပါတယ်။

အဆိုပါ မိုင်းကတော့ ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းဆိုတာ မသိရသေးပဲ သက်ဆိုင်ရာအဖွဲ့တွေဘက်ကလည်း နိုဝင်ဘာလ ၂၆ ရက်နေ့အထိ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၃ ရက်နေ့ကလည်း၊ ကန့်ဘလူမြို့နယ်၊ ထန်းတောနဲ့ ချောင်းသာကျေးရွာတွေကို စစ်တပ်က ဗုံးကြဲခဲ့လို့ ပြည်သူ ၅ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။

သတင်း – မောင်မှိုင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။