စစ်တပ်ဆီဘက်ပြောင်းသွားတဲ့ ဂျိမ်းစိုးဦးဆောင်တဲ့ LPDF အဖွဲ့တွေ ပြည်သူ့စစ်အနေနဲ့လှုပ်ရှားမယ်လို့ဆို

0 0
0 0

စစ်ကိုင်း၊ နိုဝင်ဘာ ၂၁၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်နယ်တောင်ပိုင်းအခြေစိုက် စစ်ရေးလှုပ်ရှားခဲ့ပြီး စစ်တပ်ထံ ဘက်ပြောင်းသွားတဲ့ ဂျိမ်းစိုးဦးဆောင်တဲ့ LPDF အဖွဲ့တွေ စစ်တပ်လက်အောက်ခံ ပြည်သူစစ်အနေနဲ့လှုပ်ရှားသွားမယ်လို့ စစ်တပ်ထောက်ခံသတင်းဌာနတွေကတဆင့် ဖော်ပြပါတယ်။

နို၀င်ဘာ ၂၁ ရက်မှာပြုလုပ်တဲ့ ပြည်သူ့စစ်သင်တန်းဆင်းပွဲမှာ ဂျိမ်းစိုးက စစ်တပ်လက်အောက်ခံ သတင်းဌာနတွေကို ဖြေကြားခဲ့တာဖြစ်ပြီး PDF ယူနီဖောင်းနဲ့ သေနတ်မြင်ရင်လည်း ရန်သူအဖြစ်သတ်မှတ်သွားမှာလို့ ဆိုထားပါတယ်။

“ယူနီဖောင်းနဲ့သေနတ်မြင်ရင် ရန်သူအဖြစ်သတ်မှတ်မှာပဲ စိတ်ထဲမှာတော့ ရဲဘော်တွေလည်း အကုန်ပြောထားတယ်။လက်နက်နဲ့ ယူနီဖောင်းမပါရင် ပြည်သူလိုပဲဆက်ဆံမှာ။” လို့ ပြောပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့မနက်ပိုင်းမှာ ဂျိမ်းစိုးဦးဆောင်တဲ့ အဖွဲ့ဝင် ၂၃ ဦးဟာ စစ်ကိုင်းက စစ်တပ်တပ်ရင်းတခုမှာ ပြည်သူစစ်သင်တန်းဆင်းခဲ့တာဖြစ်ပြီး ဆားတောင်နယ်ထဲမှာ ဌာနေပြည်သူစစ်အဖွဲ့အနေနဲ့ ဒေသကာကွယ်ရေးတွေလုပ်ဆောင်သွားမယ်ဆိုပြီး ပြောဆိုလာတာပါ။

ဂျိမ်းစိုးဦးဆောင်တဲ့ LPDF အဖွဲ့ဝင်တွေ စစ်တပ်ဘက်ကို ဘက်ပြောင်းသွားပြီးနောက် ပြည်သူစစ်အဖွဲ့အဖြစ်ပြန်လာပြီး PDF စခန်းတွေကို ပြန်တိုက်မယ်ဆိုတဲ့အကြောင်း ကြိုတင်သတင်းရထားတယ်လို့ ဝက်လက်မြို့နယ်ပကဖတာဝန်ရှိသူဆီက သိရပါတယ်။

“ကျနော်တို့က အဲ့နယ်မြေကို ပြန်လာပြီးချေမှုန်းမယ်။ စစ်ကိုင်း ဘယ်တပ်ရင်းက ဘယ်တာဝန်ခံ ဘယ်သူတွေကို ဘယ်လိုလုပ်ပြမယ်ဆိုပြီး ကျနော်တို့ကြားထားတာရှိတယ်။ ကျနော်တို့ထံလာပြောတဲ့ သူတွေရှိတယ်။ သူတို့က အစောကတည်းက သူတို့နဲ့နီးစပ်သူတွေထံ ဖုန်းဆက်ပြီး ခြိမ်းခြောက် ထားတာ။ အဲ့ဘက်က PDF စခန်းတွေအကုန်သိတယ်။ ပြန်သိမ်းပြမယ်ဘာညာဆိုပြီး ပြောလာတာတွေ ရှိတယ်”လို့ ဝက်လက်ပကဖတာဝန်ရှိသူက ပြောပါတယ်။

ဂျိမ်းစိုးတို့ဟာစစ်တပ်ဘက် ဘက်ပြောင်းသွားသူတွေဖြစ်တဲ့အပြင် ပြည်သူစစ်အနေနဲ့ စစ်တပ်ခိုင်းသမျှလုပ်ပြီး ပြန်လာပါက စစ်တပ်နဲ့တန်းတူထားပြီး တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂ ရက်မှာ ဆားတောင်နယ်က LPDF အဖွဲ့တွေဖြစ်တဲ့ ဂျိမ်းစိုး LPDFအဖွဲ့နဲ့ ဆားတောင်မိုးကြိုး LPDF အဖွဲ့က တပ်ဖွဲ့ဝင်အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၃ ဦး၊ မိသားစုဝင် ၆ ဦး စုစုပေါင်း ၃၈ ဦး ဟာ လက်နက်မျိုးစုံ ၁၃ လက်၊ ခဲယမ်းတွေနဲ့အတူ စစ်တပ်ဘက်ကို ဘက်ပြောင်းသွားတယ်လို့ သိရပါတယ်။

သတင်း – မောင်မှိုင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။