ပေါက်နယ်မှာ စစ်ဘေးရှောင် ၁၅,၀၀၀ ကျော် ရိက္ခာ၊ အမိုးအကာနဲ့ဆေးဝါး အကူအညီလိုအပ်နေ (ရုပ်/သံ)

0 1
0 1

ပေါက်၊ နိုဝင်ဘာ ၉၊ ၂၀၂၆။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းမှာ စစ်တပ်ထိုးစစ်နဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရသူ ပြည်သူ ၁၅,၀၀၀ ကျော်ရှိနေပြီး ရိက္ခာ၊ အမိုးအကာနဲ့ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေဆီက သိရပါတယ်။

ကာလကြာရှည်စစ်ရှောင်တွေနဲ့ လတ်တလောစစ်ဘေးရှောင်တွေမှာ ရာသီဥတုဖောက်ပြန်တာကြောင့် ရောဂါဖြစ်ပွားသူတွေလည်းရှိနေတဲ့အပြင် လေကြောင်းအန္တရာယ်တွေကြောင့် အလုပ်အကိုင်တွေလည်း မလုပ်နိုင်လို့ အစားအသောက်ခက်ခဲနေသူတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

“လောလောယ်တော့ စစ်ရှောင်နေရတာ မိုးဒဏ်နဲ့ ဆေးဝါး၊ စားနပ်ရိက္ခာဒါပါပဲ။ ကျန်တဲ့ဟာတွေက ဒီလိုပဲပေါ့။ စစ်ပါဖြစ်ပြီဆိုတော့ အခက်ခဲတွေက အမျိုးမျိုးဖြစ်တာပဲ။ ယားနာဖြစ်တာမျိုးတွေ ရာသီအကူးအပြောင်းမှာ ဖျားတာနာတာမျိုးတွေတို့ ပြောရရင် ဟိုတလောကဆိုရင် စစ်ရှောင်ရပါ တယ်ဆိုမှ မိုးကကြီး အသားကုန်ရွာတော့ ယောက်ယက်တွေခတ်ကုန်တာပေါ့။ “လို့ စစ်ဘေးရှောင် ကူညီနေသူတဦးကပြောပါတယ်။

တိုက်ပွဲနဲ့လေကြောင်းရန်အခြေနေတွေကြောင့် ပေါက်မြို့နယ်အတွင်းက ပေါက်-ဆိပ်ဖြူလမ်း၊ ပုသိမ်-မုံရွာလမ်းဘေးက ကျေးရွာပေါင်း ၁၀ ရွာကျော်က လူဦးရေ ၁၅,၀၀၀ ကျော်ရှိနေပြီး အဲဒီထဲက ကျေးရွာပေါင်း ၇ ရွာလောက်ဟာ စစ်ဘေးရှောင်နေရတာ ၆ လနီးပါးရှိနေကာ ကျန် ၅ ရွာလောက် ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက စတင်ရှောင်တိမ်းနေရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေအတွက် ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေနဲ့ ကူညီသူတွေအချို့ထံက အကူအညီ တွေရပေမယ့် စစ်ရှောင်အရေအတွက်များပြားတာကြောင့် လုံလောက်မှုတော့မရှိဘူးလို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေအတွက် လိုအပ်တဲ့ ရိက္ခါ၊ ဆေးဝါးသယ်ယူမှုတွေကိုလည်း စစ်တပ်ဘက်က လမ်းကြောင်းတွေပိတ်၊ ဖမ်းဆီးသိမ်းဆည်းတာမျိုးတွေရှိနေတာကြောင့် ရတဲ့နည်းလမ်းနဲ့ သယ်ဆောင်နေရတယ်လို့ သိရပါတယ်။

“လမ်းကြောင်းတွေလည်းပိတ်တယ်။ သိမ်းခံရတာလည်းရှိတယ်။ မရရတဲ့နည်းနဲ့ကွေ့ပတ်သယ် ။ ကွေပတ်သယ်တော့ စျေးကြီးကြီးပေးရတာမျိူးတွေလည်းရှိတာပေါ့။ ဆန်တတင်းဆို ၁ သိန်းခွဲနဲ့ ၂ သိန်းကြားရှိမယ်။ မထင်ရင်မထင်သလိုသိမ်းတာပေါ့။ အများကြီးလည်းသယ်လို့မရကြဘူး”လို့ အထက်ပါစစ်ရှောင်ကူညီနေသူက ဆက်ပြောပါတယ်။

ရိက္ခာတွေကို ရတဲ့နည်းလမ်းနဲ့သယ်ဆောင်ရတာကြောင့် စစ်ဘေးရှောင်တွေနေထိုင်တဲ့ဒေသတွေမှာ ကုန်စျေးနှုန်းကြီးမြင့်မှုတွေလည်းရှိနေကာ ဆန်ကြမ်း ၂၂ ပြည်ပါ ၁ အိတ်ကို ကျပ် ၁၅၀,၀၀၀ မှ ၂၀၀,၀၀၀ ကြားပေးဝယ်နေရပြီး အခြားအခြေခံစားသောက်ကုန်တွေလည်းစျေးနှုန်းကြီးမြင့် နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂ ပေါက်မြို့နယ်၊ ခွေးအတွင်းကျေးရွာမှာ စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ အမျိုးသား ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သေးသလို နိုဝင်ဘာလ ၃ ရက်မှာလည်း ကျောက်ခွက်၊ အိုင်ကျယ်နဲ့လယ်လန်းရွာတွေကို စက်တပ်လေထီး၊ MI 35 တွေနဲ့ဗုံးကြဲလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၇ ဦးသေဆုံးထားပြီး ၁၅ ဦးဒဏ်ရာရခဲ့ပါသေးတယ်။

UNHCR (Operational Data Portal) ရဲ့ ၂၀၂၆၊ အောက်တိုဘာ ၁၉ ရက်နေ့အထိ နောက်ဆုံးထုတ်ပြန် ထားတဲ့ စာရင်းအချက်အလက်တွေအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးရှောင် စုစုပေါင်း ၄,၀၅၈,၁၀၀ ဦး (၄ သန်းကျော်) ထိ ရှိလာတယ်လို့ သိရပါတယ်။

တည်းဖြတ် – M

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။