ဆားလင်းကြီး၊ နိုဝင်ဘာ ၇၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျိုင်းခမောက်ကျေးရွာကို စစ်တပ်စစ်ကြောင်းက မီးဝင်ရှို့တာကြောင့် နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၆ ရက် မနက် ၁၀ နာရီခန့်မှာ အင်အား ၈၀ ကျော်ပါ စစ်တပ်စစ်ကြောင်းဟာ ပုလဲမြို့နယ်ဘက်ကနေ ကျိုင်းခမောက်ရွာကိုဝင်ရောက်ပြီးနေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဆိုပါတယ်။
“ပွဲက(တိုက်ပွဲက) ချောင်းရိုးရွာဘက် ရှေ့ရက်က ဖြစ်တယ်။ အဲဒါကို အငြိုးထားပြီး ကျိုင်းခမောက်နဲ့ နီးတာဆိုတော့ ရွာကို မီးလာရှို့တာ။ ခုမီးရှို့ခံရတဲ့ရွာကလည်း ပုလဲနယ်နဲ့ကပ်တယ်။ တိုက်ပွဲဖြစ်တာလည်း နှစ်ရက်သုံးရက်လောက်ရှိနေပြီ။ PDF တွေက ဒီဘက်ကလာတယ်ဆိုတဲ့ပုံစံနဲ့ လာရှို့သွားတာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။


စစ်တပ်မီးရှို့သွားတဲ့ ကျိုင်းခမောက်ရွာမှာ တော်လှန်ရေးအဖွဲ့တွေ နေထိုင်တာမရှိသလို စစ်ရေးအခြေနေမငြိမ်သက်တာကြောင့် ကျေးရွာနေပြည်သူအများစုကလည်း အောက်တိုဘာ နောက်ဆုံးပတ်လောက်ကတည်းက စစ်ရှောင်နေကြတာလို့ဆိုပါတယ်။
စစ်ကြောင်းမီးရှို့လို့ အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ အဆိုပါကျေးရွာက နေအိမ် ၅၀ ထက်မနည်း မီးလောင်ပျက်စီးသွားပြီး စစ်ကြောင်းက ပုလဲဘက်ခြမ်းကို ပြန်ဆုတ်သွားပြီးနောက် ညနေပိုင်းမှာ ရွာခံအချို့က မီးဝင်ငြှိမ်းတာမျိုးတွေရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကြောင်းက ပုလဲနယ်ကနေ မကြာခဏဝင်နေတာကြောင့် ချောင်းရိုး၊ ကျိုင်းခမောက်၊ ဖလန်ကန်ရွာတွေအပါအဝင် ကျေးရွာ ၅ ရွာက ပြည်သူ ၂,၀၀၀ ကျော်ဟာ စစ်ဘေးရှောင်နေကြရပါတယ်။
ဩဂုတ်လ ၁၈ ရက်ကလည်း ဆားလင်းကြီးမြို့နယ်၊ ရေခါးရွာ ဗုံးကြဲခံရပြီး အမျိုးသမီး ၂ ဦးသေဆုံးတယ်လို့ သိရပါတယ်။
သတင်း-မောင်မှိုင်း