ရွှေဘို၊ နိုဝင်ဘာ ၆၊ ၂၀၂၆
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၊ ကားကြီးကွင်းထဲက စစ်တပ်ဖမ်းဆီးထားတဲ့ ဘုရင်ယာဥ်လိုင်းက ဝန်ထမ်း ၃ ဦး ထောင်ဒဏ် နှစ် ၃၀ ကျော် ချမှတ်ခံရတယ်လို့ ဒေသခံတွေနဲ့ မြို့နယ်ပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့မှာ ရွှေဘိုခရိုင်တရားရုံကနေ ဘုရင်ယာဥ်လိုင်း ဂိတ်မှူးဖြစ်သူ ကိုဇေယျာဝင်းကို ထောင်ဒဏ် ၅၄ နှစ်၊ စာရေးမဖြစ်သူ မအေးမြင့်ဆွေ (ခ) မဆွေဆွေနဲ့ မသိမ့်သိမ့်သူတို့ကို ထောင်ဒဏ် ၃၄ နှစ်စီ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
“စဖမ်းကာစက တဂိတ်လုံးက ဝန်ထမ်းတွေ ဖမ်းခံရတယ်။ နောက်မှ အချို့ပြန်လွှတ်ပြီး သူတို့ ၃ ဦးပဲ အကြမ်းဖက်ပုဒ်မနဲ့ တရားစွဲတင်ခဲ့တာ။ အမိန့်ချတော့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတာ”လို့ မြို့ခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့မှာ စစ်တပ်အဖွဲ့ဝင်တွေဟာ ဘုရင်ကားဂိတ်ကို ဝင်စီးပြီး ဂိတ်မှူးအပါအဝင် ဝန်ထမ်း ၇ ဦးခန့်ကို ဖမ်းဆီးသွားပြီးနောက် ဂိတ်မှူး ကိုဇေယျာဝင်း၊ မအေးမြင့်ဆွေ (ခ) ဆွေဆွေနဲ့ မသိမ့်သိမ့်သူတို့ကိုသာ အကြမ်းဖက်ဥပဒေပုဒ်မ ၅၀ ည နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ သတင်းတွေကို ဝါဒဖြန်ချီပေးနေတဲ့ တယ်လီဂရမ်တွေမှာတော့ ပြစ်ဒဏ်ကျခံရသူ ၃ ဦးဟာ သူတို့ယာဥ်လိုင်းကို စီးနင်းတဲ့ အစိုးရဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေကို PDF တပ်ဖွဲ့တွေကိုပေးလို့ PDF က ဖမ်းဆီးတာလို့ စွပ်စွဲ ရေးသားထားကြပါတယ်။
ရွှေဘိုမြို့ကထွက်တဲ့ ဘုရင်မော်တော်ယာဥ်လိုင်းဟာ စစ်တပ်လက်အောက်ခံ ဝန်ထမ်းတွေနဲ့ ဝန်ထမ်းမိသားစုတွေ အများဆုံး စီးနင်းလိုက်ပါတတ်ပြီး အဆိုပါကားတွေ ပေါ်ကနေ စစ်တပ်နဲ့ ပတ်သက်သူတွေ တချို့ဖမ်းဆီးရမိတာမျိုးရှိခဲ့ပေမယ့် PDF တွေနဲ့ ပတ်သက်မှုမရှိဘူးလို့ ရွှေဘိုမြို့နယ် ပကဖတာဝန်ရှိသူတဦးက ပြောပါတယ်။
“အခြားယာဥ်လိုင်းတွေထက် သူတို့ယာဥ်လိုင်းပေါ်ကနေ စကစနဲ့ ပတ်သက်သူတွေအများဆုံးမိတာ။ သူတို့ကနေ သတင်းပေးလို့ ဖမ်းမိတာမျိုး မဟုတ်ဘူး။ ကိုယ့်ဟာကို စစ်ဆေးရင်းမိတာ။”လို့ သူက ပြောပါတယ်။
ဘုရင် ယာဥ်လိုင်းပေါ်ကနေ စစ်တပ်နဲ့ပတ်သက်တဲ့ ဘုန်းကြီးတပါး၊ သင်္ချာပါမောက္ခတဦး၊ ဗိုလ်ကတော်တဦး၊ ရဲဝန်ထမ်း ၂ ဦးနဲ့ စစ်တပ်မိသားစုဝင်အချို့ကို ဖမ်းဆီးရမိတာမျိုးရှိခဲ့တယ်လို့ ဆိုပါတယ်။
ဘုရင်ယာဥ်လိုင်းဟာ ရွှေဘို-ရန်ကုန်၊ ရန်ကုန်-ပုသိမ်၊ ရန်ကုန်-မုံရွာ၊ မန္တလေး-ပုသိမ် လမ်းပိုင်းတွေမှာ ခရီးသည်တင်ပြေးဆွဲနေတဲ့ ယာဥ်လိုင်းဖြစ်တယ်လို့ သိရပါတယ်။
သတင်း – မောင်မှိုင်း