ရေစကြို၊ အောက်တိုဘာ ၁၇၊ ၂၀၂၆။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သစ်ကြီးတောရွာနဲ့ ပိတ်သင်းကပ်ရွာတွေက စတားလင့်ဆိုင်နဲ့ ဇရပ်ဗုံးကြဲခံရပြီး ပြည်သူ ၁၂ ဦးသေဆုံးတယ်လို့ ရေစကြိုမြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၆ ရက် နေ့လယ် ၂ နာရီကျော်ကစတင်ပြီး အသေခံဒရုန်း ၂ စီးနဲ့ သစ်ကောက်ဆိပ်ရွာကို တိုက်ခိုက်ပြီးနောက် ၂ နာရီ ၁၅ မိနစ်မှာ Mi 35 ၁ စီး၊ ဂျက်ဖိုက်တာ ၂ စီးတို့နဲ့ သစ်ကြီးတောနဲ့ ပိတ်သင်းကပ်ရွာတွေကို ဗုံးကြဲတဲ့အပြင် ရော့ကတ်တွေနဲ့ပါပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“မနေ့က အကုန်ပတ်ပစ်တာ။ သေတာက သစ်ကြီးတောက များတယ် ၁၁ ယောက်။ ပိတ်သင်းကပ်က ၁ ယောက်။ သစ်ကြီးတောက စတားလင့်ဆိုင်နားကျတာ။ ပေါင်ဗုံး ၁ လုံးကျတာ။ ပိတ်သင်းကပ်မှာကျ နွားကျောင်းပြီး ပြန်လာတဲ့ အမျိုးသားက ဇရပ်မှာနားနေချိန် လာကြဲတဲ့အချိန်နဲ့ဆုံပြီးသေတာ”လို့ ရေစကြိုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
ဗုံးကြဲပစ်ခတ်မှုအတွင်း ပိတ်သင်းကပ်ရွာက အသက် ၄၀ ကျော်အရွယ် အမျိုးသား ၁ ဦး၊ သစ်ကြီးတောကျေးရွာက အသက် ၇ လအရွယ် ကလေးငယ် ၁ ဦး၊ အသက် ၁၀ နှစ်အရွယ် ၁ ဦး၊ အသက် ၃၀ ကနေ ၅၀ ကြား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၅ သေဆုံးတယ်လို့ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ ကလေး ၂ ဦး၊ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးအလောင်းသာ ပြန်ရပြီး ကျန်အလောင်းတွေက တစစီဖြစ်ကုန်တာကြောင့် လိုက်လံစုဆောင်းနေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်သူနေအိမ် ၄ လုံးထက်မနည်းလည်းပျက်စီးပြီး ကျေးရွာ ၂ ရွာက ပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
အောက်တိုဘာလ ၈ ရက်ကလည်း မင်းတုန်းမြို့နယ်က ချင်းနစ်ကျေးရွာကို စက်တပ်လေထီးနဲ့ ဗုံးကြဲခံရလို့ ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။