ချောင်းဦးမြို့မရဲစခန်းအနီး လင်မယား ၂ ဦး ပစ်သတ်ခံရလို့ သေဆုံး

0 96
0 96

ချောင်းဦး၊ အောက်တိုဘာ ၁၆၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့၊ ချောင်းဦးတောင်ရပ်ကွက်မှာ လင်မယား (၂) ဦးပစ်သတ်ခံရတယ်လို့ ချောင်းဦးမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

ပစ်သတ်ခံရသူတွေက အသက် (၃၅) နှစ်အရွယ် ကိုအေးမင်းထွန်း၊ ဇနီးဖြစ်သူ အသက် (၂၈) နှစ်အရွယ် မခိုင်ဇင်ဖြိုးတို့ဖြစ်ပြီး အောက်တိုဘာလ (၁၄) ရက်နေ့ညပိုင်း သူတို့နေအိမ်မှာ ပစ်သတ်ခံရတာလို့ ဆိုပါတယ်။

“ရှင်းလင်းခံရတဲ့ ဖြစ်စဥ်ရှိလို့ အဲ့ဒီည** တွေခြေရှုပ်နေတယ်လို့တော့ သိရတယ်။ ဘယ်အဖွဲ့တွေလုပ်တယ်ဆိုတာတော့ မသိရသေးဘူး။ မြို​ပေါ်မှာက ပျူနဲ့** တွေက စိုးမိုးထားပြီး ခြေရှုပ်နေကြတာဆိုတော့”လို့ ချောင်းဦးမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

ပစ်သတ်ခံရသူလင်မယားက အလုပ်အကိုင်အနေနဲ့ နှစ်လုံးသုံးလုံး ချဲဒိုင်ကိုင်သူတွေလို့ သိထားရပြီး စစ်တပ်၊ ပျူတွေနဲ့ပတ်သက်မှုတွေလည်း ရှိသလို အဲဒီကိစ္စကြောင့် ရှင်းလင်းခံရတာလား ငွေကြေးနဲ့ လူမှုရေးကိစ္စတွေကြောင့် ပစ်သတ်ခံရတာလားဆိုတာ စုံစမ်းနေဆဲလို့ ဆိုပါတယ်။

သေနတ်သမားတွေပစ်ခတ်လို့ လင်မယား (၂) ဦးဟာ နေအိမ်မှာပင်သေဆုံးသွားပြီး ပစ်ခတ်သွားတဲ့အဖွဲ့တွေဘက်ကတော့ အောက်တိုဘာလ (၁၆) ရက်နေ့အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ချောင်းဦးမြို့ပေါ်ကို စစ်တပ်ဘက်က အပြည်အဝထိန်းချုပ်ထားသလို ပစ်ခတ်မှုဖြစ်တဲ့နေရာကလည်း ချောင်းဦးမြို့မရဲစခန်းနဲ့ မီတာ (၃၀၀) ခန့်သာ ဝေးတယ်လို့ သိရပါတယ်။

စာတည်း – စိုးဦး

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။