14 October 2026 5:45 PM

နတ်ရေကန်စစ်ကူစစ်ကြောင်း ရက်ဆက်တိုက်ခိုက်ခံရလို့ သေဆုံးများစွာနဲ့ အမ်း-ပဒါန်းလမ်းပိုင်းမှ ပြန်ဆုတ်သွား

0 2
0 2

ပဒါန်း၊ အောက်တိုဘာ ၁၄၊ ၂၀၂၆။

​မကွေးတိုင်း၊ ပဒါန်းမြို့နယ်၊ ရခိုင်ရိုးမပေါ်က အမ်း – ပဒါန်းလမ်းရှိ အာရက္ခတပ်တော် (AA)ပိတ်ဆို့ထားတဲ့ နတ်ရေကန်ဗျူဟာ လေကြောင်းရန်ကာကွယ်ရေးစခန်းကို ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ AA တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ပဒါန်းမြို့ကနေ နတ်ရေကန်ဗျူဟာစခန်းအနီးဝန်းကျင်ကို ထိုးစစ်ဆင်လာတဲ့ စစ်အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းကို အာရက္ခတပ်တော်- AA က အောက်တိုဘာ (၉) ရက်နေ့မှာ ဂုတ်ကြီးကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာ အောက်တိုဘာ (၁၁၊ ၁၂၊ ၁၃) ရက်နေ့တွေအထိ ၃ ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

​”စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာ။ AA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေဘက်က ကြားဖြတ် တိုက်ခိုက်လိုက်တာပေါ့။ AA ထိန်းချုပ်နယ်မြေထဲကို သူတို့(စကစ)ဘက်က ထိုးလာတော့ အကျအဆုံးများပြီး ပြန်ဆုတ်သွားရတာပါ။ လေကြောင်းကိုတော့ အားကိုးပြီး တောက်လျှောက် ဗုံးလာကြဲနေတာပေါ့ဗျာ” လို့ ပဒါန်းဒေသခံ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မြေလတ်အသံကို ပြောပါတယ်။

​အဲဒီစစ်ကြောင်းတွေ တိုက်ခိုက်ခံရပြီး အထိနာခဲ့တာကြောင့် စစ်တပ်ဟာအောက်တိုဘာ (၁၁) ရက်မှာ ထောက်ပို့ဗုံးကြဲလေယာဉ် (၂)စီး၊ တိုက်ခိုက်ရေးလေယာဉ် (၁) စီးတို့နဲ့ AA ထိန်းချုပ်ထားတဲ့ အမ်းမြို့နယ်အတွင်းကို ဗုံးကြဲတိုက် ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

​လက်ရှိ အောက်တိုဘာ ၁၄ ရက်နေ့ ဒီကနေ့မှာတော့ စစ်တပ်စစ်ကြောင်းတွေဟာ ဂုတ်ကြီးကျေးရွာအနီးမှ ​ဆုတ်ခွာသွားခဲ့တာကြောင့် တိုက်ပွဲတွေ ခေတ္တငြိမ်သက်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောပါတယ်။

​”ဒီနေ့တော့ ပွဲမဖြစ်သေးဘူး။ ငြိမ်နေတယ်။ ​စကစ တွေ နောက်ဆုတ်သွာလို့။ သူတို့က အထိနာလို့ နောက်ဆုတ်သွားပေမဲ့ တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ရော လေကြောင်းနဲ့ပါ အပြင်းအထန်ထပ်ပြီး ပစ်ခတ်တိုက်ခိုက်နေဆဲပါပဲ” လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ပထမပတ်အတွင်းကလည်း နတ်ရေကန်ဗျူဟာ လမ်းပိုင်းကို ထိုးစစ်ဆင်ဖို့ စေလွှတ်ထားတဲ့ ကလေးမြို့နယ်အခြေစိုက် စကခ ၁၀ လက်အောက်ခံ တပ်ရင်းအချို့ကို ညောင်ကျိုးဘက်ကို ပြန်လည်ခေါ်ယူကာ စုဖွဲ့မှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ နတ်ရေကန်ဗျူ ဟာ မကျရှုံးစေရေးအတွက် တပ်မ ၇၇၊ တပ်မ ၉၉၊ စကခ ၁၀၊ စကခ ၁၄၊ စကခ ၁၇၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)လက်အောက်ခံတပ် ရင်းတွေနဲ့ ပြည်သူ့စစ်တွေကို အလှည့်ကျ အင်အားဖြည့်တင်းကာ ခုခံနေရတာ ဖြစ်ပါတယ်။

“AAဘက်က ၂၀၂၅ အစောပိုင်းကတည်းက နတ်ရေကန်စခန်းရဲ့ ကာကင်းတွေကို သိမ်းပြီး စခန်းကြီးကို ဝိုင်းရံပိတ်ဆို့ထားတာပါ။ စစ်တပ်ကတော့ စခန်းမကျဖို့ လေကြောင်း၊ လက်နက်ကြီးနဲ့ အပြင်း အထန် ခုခံနေရတာ။ စစ်ကြောင်းထိုးလာပေမယ့် မအောင်မြင်ဘဲ ထပ်မံအထိနာနေတာ”လို့ နောက်ထပ် စစ်ရေးသတင်းရင်း မြစ်တစ်ဦးက ဆိုပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်(AA)နဲ့ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်မှုတွေကြောင့် နတ်ရေကန်ဗျူဟာအခြေအနေမှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းတွေပါ လမ်းခုလတ်မှာ ဆက်လက်တိုက်ခိုက်ခံနေရတာကြောင့် အမ်း-ပဒါန်း လမ်းပိုင်းတွင် စစ်ရေးအခြေအနေ ပိုမိုတင်းမာနေပါတယ်။

သတင်း – မြတ်ထွန်း၊ စာတည်း-စိုးဦး

Leave a Comment

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။