13 October 2026 5:27 PM

မင်းတုန်း-သဖန်ရောင် တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်း ထိုးစစ်ရပ်ပြီး သုံ့ပန်းနဲ့ လက်နက်တွေကို AA သိမ်းဆည်း

0 4
0 4

မင်းတုန်း၊ အောက်တိုဘာ ၁၃၊ ၂၀၂၆။

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ရခိုင်ရိုးမတောင်ခြေ၊ အမ်း-မင်းတုန်းလမ်းပိုင်းပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့ အာရက္ခတပ်တော် (AA)တို့ နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေဖြစ်ပွားခဲ့ရာ တိုက်ပွဲအတွင်း စစ်တပ်သုံ့ပန်းနဲ့ လက်နက်တွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

​ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်နဲ့ ၉ ရက်နေ့မှာ တပ်မ ၅၅ ဦးဆောင်တဲ့ အင်အား ၁၀၀ ကျော်ပါ ပူးပေါင်းစစ်ကြောင်းတွေဟာ မင်းတုန်းမြို့နယ်ဘက်ကနေ အမ်းမြို့နယ်၊ တလိုင်းတောင်ဘက်ကိုဦးတည်ပြီး ထိုးစစ်ဆင်လာခဲ့ရာ သဖန်ရောင်နဲ့ ကံကြောကျေးရွာအနီးအရောက်မှာ အာရက္ခတပ်တော်နဲ့ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။

“သူတို့(စကစ)ဘက်က ထိုးစစ်လို့ပြောပေမယ့် တိုက်ပွဲဖြစ်တာနဲ့ နာပြီး နောက်ဆုတ်သွားကြတာပါပဲ။ အဲ့ဒီတိုက်ပွဲတွေမှာ သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေကိုပါ AA ပူးပေါင်းအဖွဲ့တွေက သိမ်းဆည်းရမိတယ်လို့ သိရတယ်” လို့ ဆိုပါတယ်။

​အာဏာသိမ်းစစ်တပ်ရဲ့ အဲ့ဒီစစ်ကြောင်းဟာ အမ်းမြို့နယ်၊ တလိုင်းတောင်ဘက်ကို ဦးတည်ပြီး ရခိုင်ရိုးမကိုဖောက်ဝင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေတာဖြစ်ပြီး လက်ရှိမှာတော့ မင်းတုန်းမြို့နယ်ဘက်အခြမ်းမှာ ဖြတ်တောက်တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။

​”စစ်ကောင်စီက ဒီလမ်းပိုင်းကို အဓိကထိုးဖောက်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ မင်းတုန်းအနောက်ခြမ်း ကံကြောရွာပတ်ဝန်းကျင်နဲ့ ပွိုင့် (၉၄၈)ကုန်းဘက်တွေမှာကိုက AA ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် ရှေ့ဆက်တိုးလို့မရဘဲ တိုက်ပွဲတွေက ဆက်တိုက်ပြင်းထန်နေတာပါ” လို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ရိုးမကို နည်းလမ်းမျိုးစုံနဲ့ ဖောက်ဝင်ရန် ကြိုးပမ်းလျက်ရှိပြီး မင်းတုန်း-သဖန်ရောင်ပတ်ဝန်းကျင်တွေမှာ စစ်အင်အား ၁,၀၀၀ ကျော်နဲ့ ခြေကုတ်ယူတပ်စွဲထားဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာလည်း မင်းတုန်းမြို့နယ်၊ ကံကြောကျေးရွာအနီး၊ AA ထိန်းချုပ်ထားတဲ့ ပွိုင့် (၉၄၈) ကုန်းပတ်ဝန်းကျင်နဲ့ သဖန်ရောင်ကျေးရွာပတ်ဝန်းကျင်တွေမှာ နှစ်ရက်တာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ရုပ်အလောင်းတွေနဲ့ လက်နက်၊ ခဲယမ်း အမြောက်အများတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ AA က စက်တင်ဘာ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် မင်းတုန်းတိုက်ပွဲတွေမှာ စစ်ရှုံးနေတဲ့ စစ်တပ်ဟာ အောက်တိုဘာ ၁၂ ရက်နေ့မှာ ပုသိမ်-မုံရွာကားလမ်းမပေါ်မှာ ရှိတဲ့ မဲဇလီကျေးရွာကို ပါရာမော်တာနှစ်စီးနဲ့ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်ပေါ်မှာ အိပ်ပျော်နေတဲ့ အမျိုးသားတဦး သေဆုံးခဲ့ပြီး နေအိမ် ၂ လုံးလည်း ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

သတင်း – မြတ်ထွန်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။