ဝက်လက်၊ အောက်တိုဘာ ၈၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မူးကမ်းကြီးရွာကနေ လက်နက်ဖိုးအကြွေးတောင်းပြန်လာတဲ့ ပကဖ ရဲဘော် (၂) ဦးကို သတ်ဖြတ်ပြီး ငွေနဲ့လက်နက်ယူသွားသူတွေထဲက ခေါင်းဆောင်အချို့ကို ဖမ်းမိထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။
ပြစ်မှုကျူးလွန်သူတွေကိုတော့ အောက်တိုဘာလ(၅) ရက်နေ့ညနေမှာပဲ ဝက်လက်မြို့နယ်၊ တည်တောရွာမှာ ဖမ်းဆီးနိုင်ခဲ့ပြီး သတ်ဖြတ်မှုမှာ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသူတွေဖြစ်တဲ့ ရွှေဘိုမြို့နယ်၊ ပေါက်ချိုင်ကျေးရွာပကဖတာဝန်ခံ ဦးကျော်အောင်နဲ့ သားဖြစ်သူ ဗိုလ်ကျားရိုင်း(LPDF) ယာယီတာဝန်ခံ ပိုင်ပိုင်၊ ဇနီးဖြစ်သူ မစန္ဒီ တို့အပြင် သူတို့ကိုလက်ခံပေးထားတဲ့ တည်တောရွာသား ကိုမင်းမင်း တို့ကို ထိန်းသိမ်း စုံစမ်းစစ်ဆေးနေတာလို့ ဆိုပါတယ်။
“ကိုမင်းမင်းက အိမ်ရှင်။ သူ့ဆီမှာ သိန်း ၂၀၀ အပ်ထားပြီးတော့ လာခိုနေကြတာဆိုတော့ အိမ်ရှင်ပါ ယာယီခေါ်ထားတာ။ သူကသိနိုင်တယ်ဆိုပြီးတော့ သူ့ပါထိန်းသိမ်းထားတာ။ သူကတော့ ပြစ်မှုကျူးလွန်တဲ့အထဲ ပါမပါတော့ မသိရဘူး။ ဖမ်းထားသူအားလုံးကိုတော့ ဘုတလင်ဘက် တာဝန်ရှိသူတွေဘက် လွှဲထားရတယ်။” လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
ပစ်ခတ်မှုကျူးလွန်ခဲ့တာကတော့ တရားခံက (၅) ဦးလို့ ကြားသိရပြီး လက်ရှိ ဖမ်းမိသူ ၄ ဦးထဲမှာ ပိုင်ပိုင်နဲ့ ဇနီးဖြစ်သူ မစန္ဒီတို့က သတ်ဖြတ်မှုကို ပါဝင်လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံထားတယ်လို့ ဆိုပါတယ်။
“အမှန်တကယ်က အဲ့ကောင်(ပိုင်ပိုင်)မှာက ပါရီတလက်ပါတယ်။ အဲ့ဒါနဲ့ အရင်ပစ်တာ။ ရဲဘော်တွေ လဲကျသွားတော့ ရဲဘော်တွေဆီကပါတဲ့ MA နဲ့ ထပ်ပစ်တာ ဒီကောင်က။ သူတို့လင်မယားနှစ်ယောက် ကျူးလွန်ရာမှာပါတယ်ဆိုတာကို ဝန်ခံထားတယ်”လို့ နောက်ထပ်ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
အောက်တိုဘာလ (၄) ရက်နေ့ညနေပိုင်းက မူးကမ်းကြီးရွာမှာရှိနေတဲ့ ဗိုလ်ကျားရိုင်းအဖွဲ့(LPDF) ယာယီတာဝန်ခံ ပိုင်ပိုင် ဆီကနေ လက်နက်ဖိုး ကျပ်သိန်း (၂၂၀) ကို ဘုတလင်မြို့နယ်၊ နတ်ရွာကျေးရွာပကဖ ရဲဘော်တွေဖြစ်တဲ့ မင်းသီဟနဲ့ အောင်မင်းထွေးတို့ က တောင်းယူပြီးအပြန် တိုက်ရွာ နဲ့ အုတ်ရှစ်ကြီးရွာ ကြားမှာ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒီသတ်ဖြတ်မှုကိုတော့ လက်နက်ဖိုးအကြွေးပေးချေခဲ့တဲ့ ပိုင်ပိုင်နဲ့အဖွဲ့ကလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး သေနတ်နဲ့ ဝိုင်းပစ်ခဲ့လို့ ပကဖရဲဘော် (၂) ဦးမှာ နေရာမှာတင် သေဆုံးခဲ့ရသလို အကြွေးတောင်းယူလာတဲ့ ငွေကျပ်သိန်း (၂၂၀) နဲ့ သေနတ်တွေကိုပါ ပိုင်ပိုင်တို့အဖွဲ့က ယူဆောင်ပြီးတိမ်းရှောင်နေခဲ့ကြတာလို့ ဒေသတွင်းကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
လက်ရှိမှာတော့ ဖမ်းဆီးရမိထားသူတွေဆီကနေ ပြစ်မှုကျူးလွန်ရာမှာ ရယူထားတဲ့ ငွေကျပ် သိန်း (၂၂၀) ထဲက သိန်း (၂၀၀) နဲ့ သေနတ်တလက်ကို ရရှိထားပြီး ကျန်သေနတ်တလက်နဲ့ ကျူးလွန်ရာမှာ ပါဝင်ခဲ့သူ နောက် (၁) ဦးကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
စာတည်း – စိုးဦး