⁩ ⁨PDF တွေက မသွားဖို့တားမြစ်ထားတဲ့ လမ်းပိုင်းက သွားတဲ့အမျိုးသမီး ၃ ဦး မိုင်းထိလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရ

0 1
0 1

မုံရွာ၊ စက်တင်ဘာ ၂၁၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ PDF တွေက မသွားဖို့ တားမြစ်ထားတဲ့ လမ်းပိုင်းကသွားခဲ့မိတဲ့ အမျိုးသမီး ၃ ဦး မိုင်းထိလို့ ၁ ဦးသေ ၂ ဦးဒဏ်ရာရတယ်လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၁၁ နာရီကျော်ခန့်မှာ ထနောင်းဝင်း-ကျောက္ကာ-ရေနံကုန်း လမ်းပိုင်းပေါ်က ထနောင်းဝင်းကျေးရွာအကျော်နားမှာ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသမီး ၃ ဦး တိုက်မိုင်းထိခဲ့တာလို့ ဆိုပါတယ်။

“ပေလမ်းကြီးပေါ်မှာ သတိပေးစာတွေလည်း ကပ်ထားတယ်။ သစ်တုံးတွေလည်း ပိတ်ထားတယ်။ အဲဒီနားက ဓာတ်ဆီဆိုင်ကလည်း သွားလို့မရဘူးဆိုပြီး တားလိုက်သေးတယ်တဲ့။ တားတာကိုမရဘူး သွားကြတာတဲ့။ စစ်* တွေရှုပ်နေလို့ အဲဒီလမ်းပိုင်းကို ၉ ရက်နေ့ကတည်းက တားမြစ်စာ ထုတ်ထားတာ။ အမျိုးသမီးတွေက ဆိုင်ကယ်နဲ့လာရင်းထိကြတာ”လို့ မုံရွာမြို့နယ်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

တိုက်မိုင်းထိတာကြောင့် မုံရွာတောင်ရပ်ကွက်နေ အသက် ၃၀ အရွယ် ဒေါ်ဝေဝေဖြိုး(ခ)မီးမီးမှာ နေရာမှာပင်သေဆုံးခဲ့ပြီး၊ အသက် ၅၀ အရွယ် ဒေါ်စိုးစိုးဝင်းနဲ့ အသက် ၁၃ နှစ်အရွယ် မရွှေရတီတို့မှာ ဒဏ်ရာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေနဲ့ သေဆုံးသူရဲ့ ရုပ်အလောင်းကို မုံရွာမြိုအတွင်းက လူမှုကူညီရေးအသင်းတွေက လာရောက်ကောက်ယူပြီး မုံရွာမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဩဂုတ်လ ၉ ရက်နေ့ကစတင်ပြီး ထနောင်းဝင်း-ကျောက္ကာ-ရေနံကုန်းလမ်းပိုင်းပေါ်ကို မသွားလာကြဖို့ မုံရွာမြို့နယ်ပကဖ က သတိပေးစာထုတ်ပြန်ထားပြီး ထုတ်ပြန်ချက်ထဲမှာတော့ ဩဂုတ်လ ၈ ရက်နေ့ကစတင်ပြီး မုံရွာမြို့နယ်၊ ကျောက်ကာကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး သမိုင်းဝင် ကျောက်ကာရွှေဂူနီ ဘုရားဝင်းအတွင်း တပ်စွဲအထိုင်ချနေတာ ဒီကနေ့အထိဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲတွေ မကြာခဏဖြစ်ပွါးနေတာလို့ ဆိုပါတယ်။

အဲ့ဒါကြောင့် ကျောက်ကာရွှေဂူနီဘုရားတည်ရှိရာ ကျောက်ကာ(တောင်)ရွာ၊ ကျောက်ကာ (မြောက်)ရွာနဲ့ အနီးပတ်ဝန်းကျင်တဝိုက်ကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားကာ တိုက်မိုင်း၊ နင်းမိုင်းနဲ့ မိုင်းကွင်းတွေ ပြုလုပ်ထားပြီး ထနောင်းဝင်း-ကျောက်ကာ-ရေနံကုန်း လမ်းပိုင်းအား အကန့်အသတ်မရှိ
သွားလာခွင့်ပိတ်ပင်ထားလို့ ခရီးသွားပြည်သူများအနေနဲ့ အဲ့ဒိလမ်းပိုင်းကို အသုံးမပြုကြဖို့ သတိပေးစာမှာ ထည့်သွင်းရေးသား ထုတ်ပြန်ထားတာဖြစ်ပါတယ်။

တား​​မြစ်ထားတဲ့ကြားက ပိတ်ထားတဲ့လမ်းပိုင်းကို အသုံးပြုသွားလာခဲ့လို့ အန္တရာယ်တခုခုဖြစ်ပွါးခဲ့ရင် မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ တာဝန်ယူဖြေရှင်းပေးမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။