ရထားတိုက်မှုဖြစ်ပြီးနောက် လမ်းပိတ်လိုက်လို့ ရွာ ၈ ရွာကျော်ကဒေသခံတွေ သွားလာရေးအခက်တွေ့

0 1
0 1

ညောင်လေးပင်၊ စက်တင်ဘာ ၁၉၊ ၂၀၂၆။

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကမာဖရုံကျေးရွာအနီး ရန်ကုန်-မန္တလေး ရထားလမ်းဖြတ်ကူးတဲ့ လမ်းပိုင်းကို
ပိတ်လိုက်တာကြောင့် ကျေးရွာ ၈ ရွာကျော်ကဒေသခံတွေ သွားလာရေးအခက်တွေ့နေကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီလမ်းမှာ DEMU ရထားနဲ့ ထွန်စက်တိုက်မိပြီးနောက်တရက် စက်တင်ဘာ ၁၅ ရက်မှာတင် ရထားလမ်းကူးနေရာကို မီးရထားဝန်ထမ်းတွေက ပိတ်လိုက်တာကြောင့် ဆိုင်ကယ်၊ စက်ဘီးတွေကအစသွားလာလို့မရတော့ဘူးလို့ သိရပါတယ်။

“ပိတ်ထားတော့သွားမရလို့ ဟိုးအဝေးကြီးကနေပတ်ပြီးမှ မြို့ထဲပြန်လာရမှာ။ ဒီလမ်းက ဘိုးစဥ်ဘောင်ဆက် သွားနေတဲ့လမ်းကိုး။ တရားမဝင်လို့သာပြောတယ်။ ကွန်ကရစ်လမ်းတွေ ခင်းထားတာ။ တရားမဝင်ဘူးဆိုပြီး လျှောက်ပြောနေတာ။ မောင်းတံပဲ မလုပ်ထားတာ။ အခုက စပါးလည်းပေါ်တဲ့ အချိန်ဆိုတော့ ကုန်ထုတ်လို့မရ အခက်ခဲတွေဖြစ်နေကုန်ပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။

ပုံစာ – ဒိုက်ဦးမြို့နယ်၊ ကမာဖရုံကျေးရွာအနီး ရထားဖြတ်လမ်းကို ပိတ်နေကြစဉ်။⁩

ရထားတိုက်မှုဖြစ်လို့ လမ်းပိတ်လိုက်တာက အဖြေမဟုတ်ဘဲ ရထားလမ်းကူးတာ မောင်းတံနဲ့ လူစောင့်ထားလိုက်ပါက အဆင်ပြေသွားနိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါလမ်းကို ကမာဖရုံ၊ နှင်းဝိ၊ ကတုတ်၊ စစ်ကုန်း၊ အောင်းကြီး၊ ဆင်ကူး၊ တဲစု၊ စီပင်အပါအဝင် ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံတွေဟာ ပညာရေး၊ စီးပွားရေးနဲ့လူမှုရေးကိစ္စတွေအတွက် အသုံးပြုကြတယ်လို့ ဆိုပါတယ်။

အထက်ပါကျေးရွာတွေကနေ ပြွန်တန်ဆာမြို့ပေါ်က အခြေခံပညာကျောင်းတက်နေသူအများအပြားရှိပြီး ကျောင်းတက်နိုင်ဖို့ ကွေ့ပတ်သွားလာနေကြရလို့ အချိန်ကုန်၊ လူပန်းဖြစ်နေကြရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲ့ဒီလမ်းကနေသွားမယ်ဆိုရင် ကမာဖရုံရွာနဲ့ ပြွန်တန်ဆာမြို့ကို ၂ မိုင်ခန့်သာကွာဝေးပြီး လမ်းပိတ်လိုက်တာကြောင့် ကမာဖရုံရွာက ဒေသခံတွေက အနည်းဆုံး ၁၀ မိုင်ကျော်လောက်ကနေ ကွေ့ပတ်သွားလာမှ ပြွန်တန်ဆာမြို့ကို ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၄ ရက်မှာ ဒိုက်ဦးမြို့နဲ့ ပြွန်တန်ဆာမြို့အကြားမှာ ကမာဖရုံကျေးရွာအနီး ရထားလမ်းကူးမှာ DEMU ရထားနဲ့ထွန်စက်တိုက်မိပြီး ထွန်စက်ပေါ်ပါ လူ ၂ ဦးသေဆုံးခဲ့သလို ရထားခေါင်းပိုင်းနဲ့ ထွန်စက်လည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။