မြေလတ်၊ စက်တင်ဘာ ၁၄၊ ၂၀၂၆။
မြေလတ်ဒေသက ထွက်ရှိတဲ့နှမ်းတွေ အထွက်နှုန်းမကောင်းတာကြောင့် တောင်သူတွေ အရှုံးပေါ်နေတယ်လို့ သိရပါတယ်။
ယခုနှစ် နှမ်းတွေ ထွက်ရှိလာချိန်မှာတော့ ရာသီဥတုမကောင်းတာကြောင့် နှုန်းအထွက်နှုန်းက ထက်ဝက်မက လျော့ကျသွားတဲ့အပြင် စိုက်ပျိုးစရိတ်လည်းကြီးမားပြီး စျေးကောင်းလည်းမရဘူးလို့ ဆိုပါတယ်။
“အထွက်နှုန်းနည်းတယ်။ မိုးတွေကခေါင်တော့။ တဧကမှ နှစ်တင်းတိုးလောက်ထွက်တာ။ မိုးခေါင်တာ။ ရာသီဥတုမမှန်တာ။ ပုံမှန်ဆို ရှစ်တင်း ကိုးတင်း တဆယ်လောက်ထွက်တယ်။ ရှစ်ကိုးတဆယ် မြေပေါ်မူတည်ပြီးထွက်တယ်။ “လို့ နှမ်းစိုက်တောင်သူကပြောပါတယ်။
အရင်နှစ်က တဧက စိုက်စရိတ်ကျန်ကျမှုမှာ ကျပ် ၂ သိန်းကျော်ဝန်းကျင်သာရှိပြီး ဒီနှစ်မှာတော့ အထွေထွေကုန်ကျစရိတ်များလာလို့ တဧက စိုက်စရိတ်ကုန်ကျမှုမှာ ကျပ် ၄ သိန်းဝင်းကျင်ထိရှိကာ၊ နှမ်းတတင်းကို ကျပ် တသိန်းတသောင်းဝန်းကျင်စျေးပေါက်လို့ တောင်သူတွေ အရှုံးပေါ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
နှမ်းအထွက်နှုန်းကျပြီး ကုန်ကျစရိတ်ကြီးမြင့်တာကြောင့် အရှုံးပေါ်ပေမယ့်လည်း အခြားအလုပ်အကိုင်မလုပ်တတ်ကြတာကြောင့် ဆက်လက်လုပ်ကိုင်နေရတယ်လို့ သူက ဆက်ပြောပါတယ်။
“တောင်သူတိုင်းက တောင်သူလုပ်ရတာကို စိတ်ကိုပျက်နေကြပြီ။ အဲဒါဆို တောင်သူမလုပ်စားနဲ့ဆိုလည်း ဘာလုပ်စားမလဲဆိုလည်း ဘာမှမလုပ်တတ်ဘူး။ ကျောမွဲတွေဘဝက ဒါပဲလုပ်စားကြတာ။ လုပ်မနေနဲ့ဆိုလည်း ဘယ်ကမှ ဝင်ငွေမှ မရှိတာ။ “လို့ ပြောပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်းမှာလည်း အခုနှစ်မိုးများလို့ မိုးနှမ်းစိုက်ခင်းအချို့ ပျက်စီးမှုတွေရှိသလို ထွက်နှုန်းလည်းနည်းပြီး ဈေးနှုန်းလည်းကျဆင်းနေတဲ့အတွက် တွက်ချေမကိုက်ကြဘူးလို့ ဒေသခံတောင်သူတဦးက ပြောပါတယ်။
“နှမ်းဧက ၂၀ နီးပါး စိုက်ဖြစ်ပါတယ်။ အခုနှစ် မိုးဦးကာလထဲက မိုးများတယ်။ စပြီးစိုက်ပြီဆိုကတည်းက မိုးများပျက်စီးနှုန်းများတယ်။ အပင်ငယ်လေးတွေသေတယ်။ ၁၀ ဧကလောက်စိုက်မှ ၅ ဧက လောက်တင်တဲ့သဘောပေါ့။ အရင်နှစ်က နှမ်းဈေးက ၂ သိန်း ၂ သောင်း လောက်ပေါက်တယ် ဒီနှစ်က ၁ သိန်း ၃ သောင်း ၅ ထောင် ဆိုတော့ မကိုက်တော့ဘူး” လို့ ကြို့ပင်ကောက်မြို့နယ်က ဒေသခံတောင်သူတဦးက ပြောပါတယ်။
ရာသီဥတုမှန်ပါက ၁ ဧက ကို နှမ်း ၈ တင်းနဲ့ ၁၂ တင်းကြားထွက်ပြီး အခုနှစ်မိုးများပြီးရာသီဥတုမမှန်တာကြောင့် ပျမ်းမျှ ၁ ဧကကို ၈ တင်းခန့်သာထွက်သလို အခုနှစ် နှမ်း ၁ ဧကစိုက် ကုန်ကျစရိတ်ဟာလည်း ကျပ် ၃ သိန်းနဲ့ ၄ သိန်းကြားရှိတယ်လို့ ဆိုပါတယ်။
ယခုနှစ် ထွက်ရှိတဲ့ နှမ်းတွေထဲမှာ နှမ်းနက်တွေကတော့ စျေးကျပြီး နှမ်းညိုနဲ့နှမ်းဖြူတွေကတော့ စျေးအသင့်တင့်ရှိတယ်လို့ ပွဲရုံလုပ်ငန်းလုပ်ကိုင်သူတွေထံက သိရပါတယ်။
“နှမ်းနက်က နှစ်သိန်းကျော်လောက်စျေးကျတယ်။ တရုတ်တွေကလည်း အပေါ်မှာကို မရောင်းရကြဘူး။ မရောင်းရဆို နှမ်းကလည်း အရည်အသွေးက လိုလာတယ်။ အရည်အသွေးလိုသလို အပေါ်မှာလည်းမရောင်းရဘူး။ တော်တော်များနေတာ။ ဒီပြင့်နိုင်ငံတွေကလည်းဝင်လို့ပါ။ အာဖရိကနှမ်းတွေလည်း တရုတ်ပြည်ကိုဝင်ကြတာ။”လို့ ပြောပါတယ်။
အရင်နှစ်က နှမ်းနက် ၃ တင်းတအိတ်ကို ၇ သိန်းခွဲစျေးပေါက်ပြီး အခုနှစ်မှာ တအိတ် ကျပ် ၅ သိန်းကျော်စျေးပေါက်သလို၊ နှမ်းဖြူစျေးက တအိတ်ကို အရင်နှစ်စျေးအတိုင်း ကျပ် ၄ သိန်းဝန်းကျင်ရှိနေပြီး၊ နှမ်းညိုစျေးကတော့ အရင်နှစ်က တအိတ် ၃ သိန်းဝင်းကျင်ကနေ အခုနှစ်မှာတော့ ကျပ် ၄ သိန်းကျော်ထိ စျေးရှိတယ်လို့ သိရပါတယ်။
နှမ်းကိုအဓိကစိုက်ပျိုးတဲ့ ဒေသတွေကတော့ မကွေးတိုင်းအတွင်း မကွေး၊ ချောက်၊ ရေနံချောင်း၊ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ သရက်၊ အောင်လံ၊ ဆင်ပေါင်ဝဲ မြို့နယ်တွေနဲ့ စစ်ကိုင်းတိုင်းမှာတော့ မုံရွာ၊ ရွှေဘို၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ကန့်ဘလူ မြို့နယ်တွေဖြစ်ပြီး၊ မန္တလေးတိုင်းအတွင်းမှာတော့ မြင်းခြံ၊ မိတ္ထီလာ၊ ရမည်းသင်း၊ ကျောက်ပန်းတောင်း၊ ညောင်ဦးနဲ့ နွားထိုးကြီးမြို့နယ်တွေမှာ စိုက်ပျိုးကြပြီး ပဲခူးတိုင်းနဲ့ ရှမ်းပြည်နယ်အတွင်းမှာလည်း အနည်းအကျဥ်း စိုက်ပျိုးကြတယ်လို့ သိရပါတယ်။
မြန်မာပြည်ကထွက်ရှိတဲ့ နှမ်းတွေကို တရုတ်နိုင်ငံကို အများဆုံးတင်ပို့ရောင်းချကြပြီး ဂျပန်၊ တောင်ကိုးရီးယား၊ ထိုင်း၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေကိုလည်း တင်ပို့ရောင်းချကြတယ်လို့ သိရပါတယ်။
သတင်း – ကျော်ကြီး၊ သော်တာအောင်၊ တည်းဖြတ် – M