ပျူစောထီးနဲ့ PDF တို့ပစ်ခတ်မှုအတွင်း အမျိုးသမီး ၁ ဦးသေဆုံး

0 0
0 0

ပွင့်ဖြူ၊ ဩဂုတ် ၂၉၊ ၂၀၂၆။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကြီးကျေးရွာနဲ့ ကျောင်းကုန်းကြီးကျေးရွာကြားမှာ ပျူစောထီးနဲ့ PDF တပ်ဖွဲ့ဝင်တို့ အပြန်အလှန်ပစ်ခတ်မှုအတွင်း အရပ်သားအမျိုးသမီး ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဩဂုတ် ၂၉ ရက်မနက် ၇ နာရီခန့်မှာ ရေပုတ်ကြီးကျေးရွာက ပျုစောထီး ငကျန်ဆိုသူနဲ့ သားဖြစ်သူတို့ မောင်းလာတဲ့ သုံးဘီး ၂ စီးကို PDF တပ်ဖွဲ့ဝင်တွေတားဆီးရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ သုံးဘီးပေါ်လိုက်ပါလာတဲ့ ခရီးသည်အချို့ထိခိုက်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

“ပျူခေါင်းဆောင်ရဲ့ သုံးဘီးကို PDF တွေကတားတယ်။ သူက ခဏရပ်ပေးပြီးမောင်းပြေးတော့ သုံးဘီးသမားကို ပစ်ခတ်တယ်။ အဲ့ဒီချိန်မှာ သူက သုံးဘီးကိုထားခဲ့ပြီး ဆင်းပြေးတယ်။ ဆင်းပြေးပြီးမှ လက်ပစ်ဗုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာ”လို့ ဒေသခံတဦးက ပြောပါတယ်။

အဆိုပါ နှစ်ဖက်ပစ်ခတ်မှုအတွင်း သုံးဘီးပေါ်မှာလိုက်ပါလာတဲ့ ရေပုတ်ကြီးရွာသူ အသက် ၄၀ ကျော် အမျိုးသမီး ၁ ဦးနေရာမှာတင်သေဆုံးကာ နောက်ထပ်အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာပြင်းထန်ရသွားပြီး ပွင့်ဖြူဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုအတွင်း ပျူစောထီးငကျန် ပြန်လည်ပစ်ခတ်တဲ့ လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် အထက်ပါ အမျိုးသမီးတွေ သေဆုံးထိခိုက်ဒဏ်ရာရတာလို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေက ပြောဆိုပေမယ့် ဒီထိခိုက်သေဆုံးတာဟာ သေနတ်ကျည်ကြောင့်လား၊ လက်ပစ်ဗုံးပေါက်ကွဲစကြောင့်လားဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရေပုတ်ကြီးကျေးရွာဟာ စရစ်ဝိုင်းကလေးတို့ရွာလို့ နာမည်ကြီးသလို စစ်အာဏာသိမ်းပြီးနောက် ပျူစောထီးတွေနဲ့စစ်ကော်မရှင်တပ်သားတွေရော သာမန်ပြည်သူတွေပါ ကျေးရွာထဲနေထိုင်ကြတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။