⁨လူကိုပေါ်တာဆွဲဖမ်းဆီးစဉ် လွတ်သွားလို့ ဆိုင်ကယ်နဲ့ ကျပ် ၁၅ သိန်းကို စစ်ကောင်စီအဖွဲ့ မတရားသိမ်းယူသွား

0 0
0 0

မြို့သစ်၊ ဩဂုတ် ၁၄၊ ၂၀၂၆။

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ကျေးရွာမှာ လူကိုပေါ်တာဆွဲ ဖမ်းဆီးစဉ် လွတ်သွားလို့ အိမ်အထိလိုက်ဖမ်းပြီး ကျန်ခဲ့တဲ့ဆိုင်ကယ်နဲ့ ငွေကျပ် ၁၅ သိန်းကို စစ်ကောင်စီအဖွဲ့က ယူသွားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ဩဂုတ်လ ၁၃ ရက်နေ့ မနက် ၉ နာရီခန့်မှာ ကျေးရွာထိပ်ဘုရားကုန်းမှာ အသက် ၃၀ ကျော်အရွယ်ရှိ ရွာခံကိုအောင်ကျော်ခိုင်ဆိုသူရှိနေစဥ် မြို့သစ်မြို့အထွက်ဂိတ် တာဝန်ကျ စစ်ကောင်စီတပ်နဲ့ ရဲတပ်သား ၅ ဦးတို့ ဆိုင်ကယ်နဲ့ရောက်လာပြီး ကိုအောင်ကျော်ခိုင်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဖမ်းချိန်သူက အင်္ကျီချွတ်ကြီးနဲ့ဆိုတော့ လှမ်းဖမ်းတာမမိလိုက်ဘူး။ အောင်ကျော်ခိုင်က ဆိုင်ကယ်မောင်းပြီး ထွက်ပြေးလာတယ်။ ရွာပြန်ရောက်လာပြီး သူယောက္ခမအိမ်မှာ ဆိုင်ကယ်ထိုးပြီး ပုန်းနေတာ။ စကစအဖွဲ့တွေက အိမ်ထိလိုက်လာပြီး ထပ်ဖမ်းတော့ လူက ချောင်းထဲရေကူးပြီး ထွက်ပြေးလွတ်မြောက် သွားတယ်။ ဆိုင်ကယ်ကို ယူချသွားတယ်”လို့ ရွာခံတဦးက ပြောပါတယ်။

စစ်ကော်မရှင်အဖွဲ့တွေ ယူသွားတဲ့ ဆိုင်ကယ်အတွင်းမှာ လုပ်ငန်းဖိုးပေးချေဖို့ ထည့်ထားတဲ့ ငွေကျပ် ၁၅ သိန်းလည်းပါသွားပြီး ပြန်မရဘူးလို့ သိရပါတယ်။

စစ်ကော်မရှင်အဖွဲ့တွေရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရတဲ့ ကိုအောင်ကျော်ခိုင်ကတော့ ကျေးရွာမှာ မနေရဲတော့ပဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

မြို့သစ်မြို့နယ်အတွင်းမှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေဟာ ကျေးရွာတွေကို ဆင်းလာပြီး စစ်မှုထမ်းအတွက် ပေါ်တာမကြာခဏ လာဆွဲနေတာကြောင့် ကျေးရွာအတွင်းနေ စစ်မှူထမ်းအသက်အရွယ် အကျုံးဝင်လူငယ်တွေဟာ ခိုလမ်းကနေ မလေးရှား၊ ထိုင်းနိုင်ငံတွေကို သွားရောက် အလုပ်လုပ်နေကြရပါတယ်။

စစ်မှုထမ်းဖမ်းဆီးခံရပါကလည်း မြို့သစ်မြို့ပေါ်ကို ဖမ်းသွားပြီး မိသားစုတွေက ငွေနဲ့လိုက်လံရွေးယူရပြီး တဦးကို ကျပ်သိန်း ၂၀၀ ကနေ ၄၀၀ ထိပေးရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ပထမအပတ်အတွင်းက ထန်းတပင်ကျေးရွာက ကိုရီးယားပြန်လူငယ်တဦး စစ်မှုထမ်းဖမ်းဆီးခံရပြီး ငွေကျပ်သိန်း ၆၀၀ တောင်းခံရကာ မိသားစုဝင်တွေက မပေးနိုင်တာကြောင့် စစ်မှုထမ်းပါသွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီအဖွဲ့တွေက ကျေးရွာတွေအထိဆင်းပြီး စစ်မှုထမ်း ပေါ်တာဆွဲနေတာကြောင့် ရွာခံတွေမှာ လယ်၊ ယာ၊ ကိုင်း၊ ကျွန်းအလုပ်တွေကို ကောင်းစွာမလုပ်နိင်ပဲ ကျီးလန့်စာ စားဘဝနဲ့နေထိုင်နေ​ကြတယ်လို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။