ညောင်ဦး၊ ဇူလိုင်လ ၂၇။
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ထရိုင်းတောကျေးရွာနဲ့ တောင်ဘီမကျေးရွာတွေမှာ ၂ ရက်အတွင်း အုပ်ချုပ်ရေးမှူးအပါအဝင် ၅ ဦး ပစ်သတ်ခံရပြီး သေဆုံးတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ မနက် ၆ နာရီခန့်က စည်ပင်သာကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အဖော်တွေဟာ တောင်ဘီမကျေးရွာထဲက ကုန်စုံဆိုင်တခုရဲ့ရှေ့မှာ ထိုင်နေကြစဉ် သေနတ်သမားတွေ လာရောက်ပစ်ခတ်သွားတာဖြစ်ပါတယ်။
အလားတူ ဇူလိုင်လ ၂၅ ရက်နေ့မနက် ၇ နာရီခန့်ကလည်း ထရိုင်းတောရွာသား အသက် ၅၈ နှစ်အရွယ် ဦးဥာဏ်ပိုဟာ သူ့ရဲ့နေအိမ်မှာ ရှိနေစဉ် သေနတ်သမားတွေ လာရောက်ပစ်ခတ်သွားခဲ့တာ ဖြစ်ပါတယ်။
ထရိုင်းတောရွာက ဦးဉာဏ်ပို အသတ်ခံရတာနဲ့ပတ်သက်လို့ ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာ မြို့နယ်ကို သတင်းမပို့သေးသလို၊ သူ့ရဲ့နေအိမ်မှာ ကျည်ကာင်္အကျီတွေ့ကြောင်းနဲ့ ပျူစောထီးသင်တန်းတက်ရောက်ထားသူဖြစ်တယ်လို့ ပြောပါတယ်။
“(ဦးဉာဏ်ပို)သတင်း မပို့သေးတော့ ဘယ်အဖွဲ့လုပ်တယ်။ ဘာကြောင့်လုပ်တယ်။ ဆိုတာမသိရသေးဘူး။ ရွာခံတွေပြောပြချက်အရ သူကပျူသင်တန်းဆင်းတာ သူအိမ်မှာကျည်ကာအင်္ကျီတွေ့တယ်ဆိုပြီး သိရတယ်။ သေချာမစစ်ရသေးတော့ အတိအကျမပြောနိုင်သေးဘူး။ တောင်ဘီမ ကတော့ အကြမ်းဖျင်းသိထားသလောက် စည်ပင်သာရွာအုပ်ကြီးနဲ့အဖွဲ့က စကစနဲ့ပေါင်းပြီး ပျူစောထီးလုပ်နေလို့ ရှင်းခံရတာလို့ သိရတယ်”လို့ ညောင်ဦးမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ထရိုင်းတောရွာခံ ဦးဉာဏ်ပိုမှာ နေရာမှာပင်သေဆုံးခဲ့သလို၊ တောင်ဘီမကျေးရွာ ပစ်ခတ်မှုဖြစ်စဥ်မှာ အသက် ၄၈ နှစ်အရွယ် စည်ပင်သာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ဦး၊ ဦးသက်လွင်ဦး ၃၅ နှစ်၊ ဦးကျော်ဝင်းသူ ၃၆ နှစ်နဲ့ အသက် ၄၁ နှစ်အရွယ် ဦးမင်းထွန်းတို့မှာ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားပါတယ်။
ဒါ့အပြင် အသက် ၄၀ ကျော်အရွယ်ဦးအောင်မျိုးသက်ဆိုသူမှာလည်း ယာပါးနဲ့ ဝဲလက်ဖျံရိုးတို့မှာ ကျည်ထိဒဏ်ရာရခဲ့လို့ ညောင်ဦးပြည်သူ့ဆေးရုံမှာ တင်ထားရတယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုတွေကို ဘယ်အဖွဲ့တွေက ဘာကြောင့်ပြုလုပ်ခဲ့တယ်ဆိုတာ ဇူလိုင်လ ၂၇ ရက်နေ့အထိ သက်ဆိုင်ရာအဖွဲ့တွေဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၈ ရက်နေ့ကလည်း ညောင်ဦးမြို့နယ်၊ ရွာသစ်ကုန်းကျေးရွာထိပ်မှာ သစ်ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းဆိုသူ ပစ်သတ်ခံရပြီး သေဆုံးသွားမှုဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။