ဂန့်ဂေါ၊ ဇူလိုင် ၆၊ ၂၀၂၆။
မကွေး တိုင်း၊ ဂန့်ဂေါမြို့အနီးမှာ ပျူခေါင်းဆောင်တဦးကို ဖုန်းဝယ်ပေးမယ်လို့ ချိန်းဆိုပြီး တော်လှန်ရေးအဖွဲ့တွေ ဖမ်းဆီးလိုက်တယ်လို့ Black Dragon Force (အထူးလှုပ်ရှားတပ်ဖွဲ့)တာဝန်ရှိသူတွေထံက သိရပါတယ်။
ဖမ်းဆီးရမိသူဟာ ဂန့်ဂေါမြို့နယ်အဆင့် ပျုခေါင်းဆောင်ဖိုးဇော်ရဲ့ တပည့်ရင်းဖြစ်သူ အမှတ် ၁ ရပ်ကွက် ပျူခေါင်းဆောင် မောင်ချစ်စနိုးကို(ခ)မဲကြီးကို မြို့နဲ့မီတာ ၁၀၀ ခန့်မှာ ဇူလိူင်လ ၆ ရက်နေ့မနက် ၁၀ နာရီလောက်က ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။
“သူနဲ့ အသိမိတ်ဆွေတယောက်ကနေတဆင့် သူကိုဖုန်းဝယ်ပေးမယ်ပြောပြီး မြှားခေါ်ခဲ့တာ။ မြို့ပြင်ခေါ်ထုတ်တယ်။ သူထွက်လာတော့ လုံးထွေးပြီး ဖမ်းဆီးခဲ့တယ်။”လို့ Black Dragon Force (အထူးလှုပ်ရှားတပ်ဖွဲ့)တာဝန်ခံက ပြောပါတယ်။
ဖမ်းဆီးထားတဲ့ မောင်ချစ်စနိုးကို(ခ)မဲကြီးကို ဥပဒေနဲ့အညီ တရားစီရင်နိုင်ဖို့ ဂန့်ဂေါခရိုင်တပ်ရင်းတခုထံကို အပ်နှံထားတယ်လို့ ဆိုပါတယ်။
မောင်ချစ်စနိုးကို(ခ)မဲကြီးဟာ ဂန့်ဂေါမြို့အထွက်စစ်ဆေးရေးဂိတ်တွေမှာ တာဝန်ကျပြီး ခရီးသွားပြည်သူတွေထဲကနေ စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး ငွေညှစ်တာတွေရှိတယ်လို့ စစ်ဆေးသိရှိရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်သူဟာ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့က ဂန့်ဂေါမြို့နယ် လယ်မရွာကိုဝင်ရောက်ခဲ့တဲ့စစ်ကြောင်းမှာ ပါဝင်ခဲ့ပြီး အဆိုပါစစ်ကြောင်းက ကလေးငယ် ၄ ဦးအပါ၀င် ၁၁ ဦးကို နှိပ်စက်သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။
သူနဲ့ပတ်သက်ပြီး ကျူးလွန်ထားတဲ့အပြစ်တွေရှိ မရှိထပ်မံစစ်ဆေးသွားမှာဖြစ်ကာ ကျူးလွန်ထားတဲ့အပြစ်တွေအရ ပြစ်ဒဏ်ခံရမယ်လို့ သိရပါတယ်။