လက်ပံတန်း၊ ဇွန် ၁၂၊ ၂၀၂၆
ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်၊ ရေနောက်ရွာဟောင်းကျေးရွာမှာ ရွာခံ ၅ ဦးကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူတွေဟာ ရေနောက်ရွာဟောင်းကျေးရွာနေ အသက် ၅၀ ကျော် ဦးတင်သိန်း နဲ့ ဇနီးဖြစ်သူ အသက် ၄၅ နှစ် ဒေါ်ခင်ဦး၊ အသက် ၅၅ နှစ် ဦးလွန်းခိုင်နဲ့ ဇနီးဖြစ်သူ အသက် ၅၀ ဒေါ်မိချို၊ အသက် ၅၇ နှစ် ဒေါ်အေးမြင့်တို့ဖြစ်ပြီး ဇွန်လ ၁၀ ရက် ညပိုင်းက ၎င်းတို့နေအိမ်တွေမှာ အသီးသီးရှိနေချိန် ဝင်ရောက်ပြီး သေနတ်နဲ့ပစ်သတ်သွားတာလို့ ဆိုပါတယ်။
” ပြည်သူတွေကို အကြောင်းမဲ့လာပစ်သတ်သွားတဲ့သဘောမျိုး။ ပြောရရင် သူတို့နဲ့အဆင်မပြေတာရှိလို့နေမှာပေါ့။ စစ်တပ်နဲ့ ဘာမှမပတ်သက်တဲ့သူတွေ။ နေအိမ် ၃ အိမ်မှာ ဝင်ပစ်သွားတာ” လို့ လက်ပံတန်းဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။
ပစ်သတ်ခံရသူ ၅ ဦးဟာ မျှစ်ချိုး၊ ဝါးခုတ်၊ လက်သမားစတဲ့ ကြုံရာကျပန်းအလုပ်လုပ်ကိုင်ကြတဲ့ သာမန်အရပ်သား လက်လုပ်လက်စားတွေဖြစ်ပြီး စစ်တပ်အပါအဝင် ဒေသတွင်းလက်နက်ကိုင်တပ်တွေနဲ့ ပတ်သက်သူတွေမဟုတ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ရွာခံတွေက ယမန်နေ့ ဇွန်လ ၁၁ ရက်မှာ ကျေးရွာမှာပဲသင်္ဂြိုဟ်ပေးခဲ့တယ်လို့ သိရပါတယ်။
အရပ်သားပြည်သူတွေကိုသတ်ဖြတ်တာဟာ တော်လှန်ရေးကို ပုံရိပ်ဖျက်နေတဲ့ ကိစ္စရပ်တွေဖြစ်တယ်လို့ ဒေသတွင်းကာကွယ်ရေးအဖွဲ့ဝင်တဦးက မှတ်ချက်ပြုပါတယ်။
” စုစုပေါင်းသတ်ခံရတာ ၆ ဦးလို့ သိထားရတယ်။ နောက် ၁ ရွာမှာ ၁ ယောက်။ အဲဒါကို အသေးစိတ်ရဖို့စုံစမ်းနေတယ်။ ဒီဘက်ကအဖွဲ့(ကာကွယ်ရေးတပ်ဖွဲ့)တွေ အကုန်စိတ်တိုနေကြတယ်။ ဒီအတိုင်းအချောင်သတ်တဲ့ပုံစံဖြစ်နေတယ်”လို့ သူက ပြောပါတယ်။
အရပ်သားတွေအသတ်ခံရတာနဲ့ပတ်သက်ပြီး လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တာဝန်ခံကို မြေလတ်အသံက မေးမြန်းခဲ့ရာမှာ ဖြစ်စဥ်ကိုသိရှိထားပြီး အသေးစိတ်အခြေအနေတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သာ ပြန်လည်ဖြေကြားပါတယ်။
သာယာဝတီခရိုင်အတွင်းမှာ တောင်ပိုင်းတိုင်းစစ်ဌာန ဗျူဟာ ၂၂ နဲ့ လက်အောက် တပ်ရင်း ၃၈၀၁၊ ၃၈၀၂၊ ၃၈၀၃၊ လက်ပံတန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေ အဓိကစစ်ရေးလှုပ်ရှားနေပြီး အခြားတော်လှန်ရေးတပ်ဖွဲ့တွေလည်း စစ်ရေးလှုပ်ရှားမှုရှိနေတာလည်း ဖြစ်ပါတယ်။
ဧပြီလ ၂၅ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ သုံးပွင့်ဆိုင်ကျေးရွာအနီးတောစပ်မှာ သစ်ကယ်ရီသမား ၁ ဦးကို PDF တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်ခဲ့လို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။