စစ်မှုထမ်းနှစ်ပြည့်ပြီး ပြန်လာတဲ့ စစ်သားဟောင်း ၁ ဦးကို တော်လှန်ရေးအဖွဲ့တွေဖမ်းဆီး

0 11
0 11

ဝက်လက်၊ ဇွန် ၁၊ ၂၀၂၆ ။

စစ်ကိုင်းတိုင်း၊ ဝက်လက်​မြို့နယ်၊ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်မှုထမ်းသင်တန်းဆင်း စစ်သားဟောင်း ၁ ဦးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဝက်လက်မြို့နယ်ပကဖ တာဝန်ရှိသူတွေထံက သိရပါတယ်။

မေလ ၃၁ ရက် ယမန်နေ့မနက် ၉ နာရီခန့်က ဝက်လက်ပကဖအဖွဲ့ဝင်အချို့ဟာ အထက်ပါလမ်းပိုင်းမှာစစ်ဆေးရေးလုပ်နေချိန် မန္တလေးဘက်ကနေ ရွေဘိုဘက်ကိုမောင်းနှင်လာတဲ့ ခရီးသည်တင်ယာဥ်ပေါ်ကနေ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

” လိုင်းကားနဲ့ မိသားစုလိုက်ပြန်လာတာ။ သူက စစ်မှုထမ်း ၂ နှစ်ပြီးလို့ ပြန်လာတဲ့သူ။ သူကိုစစ်ဆေးရမယ်။ စစ်ကြောင်းလိုက်တဲ့အခါတွေမှာ ရာဇဝတ်မှုကျူးလွန်ထားတာရှိရင် အရေးယူသွားမှာပါ” လို့ ဝက်လက်မြို့နယ်ပကဖပြန်ကြားရေးတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၂ ဆင်း တပ်သားဟောင်း သိန်းဇော် ဖြစ်ပြီး ၎င်းနဲ့အတူ ကလေး ၄ ဦး၊ ဇနီးနဲ့ မိခင်ဖြစ်သူတို့ကို ဖမ်းမိခဲ့တာဖြစ်ပေမယ့် မိသားစုဝင်တွေနဲ့ကလေးတွေကို ခံဝန်ထိုးကာ နေ့ချင်းပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဖမ်းမိထားတဲ့ တပ်သားဟောင်း သိန်းဇော်ကို ရွှေဘိုခရိုင်တပ်ရင်း ၁ ကို လွှဲပြောင်းထားပြီး ၎င်းဟာ စစ်မှုထမ်းအပတ်စဥ်သင်တန်းဆင်း ၂ ပြီးနောက် တိုက်ပွဲတွေနည်းပါးတဲ့ တနိုင်းအခြေစိုက် ခလရ ၂၉၇ ကို ရောက်ရှိကာ ပြီးခဲ့တဲ့ မေလ ၁၈ ရက်မှာ စစ်မှုထမ်း ၂ နှစ်ပြည့်ပြီး စစ်တပ်ကနေထွက်ခွင့်ရခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

စစ်တပ်က ပြည်သူစစ်မှုထမ်းအပတ်စဥ် ၁ နဲ့ ၂ က စစ်မှုထမ်း၂ နှစ်ပြီးမြောက်သူတွေကို တပ်ကနေ ထွက်ခွင့်ပေးနေတယ်လို့ စစ်တပ်ကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်အချို့တွေမှာ ဖော်ပြနေကြတာလည်း ဖြစ်ပါတယ်။

စစ်မှုထမ်း ၂ နှစ်ပြည့်မြောက်တဲ့ စစ်မှုထမ်းအပတ်စဥ် ၁ နဲ့ ၂ မှာ စစ်မှုထမ်းစစ်သား ၁၀,၀၀၀ ဝန်းကျင် တက်ရောက်ခဲ့ရတာဖြစ်ပြီး စစ်မှုထမ်းနှစ်ပြည့်ပြီးနောက် စစ်တပ်ကနုတ်ထွက်ခွင့်ရရှိသူဟာ ရာဂဏန်းသာရှိတယ်လို့ စစ်တပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။