မြင်းခြံ၊ မေ ၂၊ ၂၀၂၆။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်နဲ့ ယင်းမာပင်မြို့နယ်က ကျေးရွာတွေကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးမီးရှို့တာကြောင့် နေအိမ်ရာနဲ့ချီပျက်စီးပြီး ဒေသခံတွေလည်း ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ ဒေသခံနဲ့ ပကဖတာဝန်ရှိသူတွေဆီက သိရပါတယ်။
မြင်းခြံမြို့နယ်၊ ဆင်ချောင်းရွာကိုရောက်နေတဲ့ စစ်ကော်မရှင်စစ်ကြောင်းက မေလ ၁ ရက် မနက် ၉ နာရီလောက်ကစတင်ပြီး ရွာထဲကနေအိမ်တွေကိုမီးရှို့ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့တယ်လို့ မြင်းခြံမြို့နယ်ပကဖ တာဝန်ရှိသူတွေဆီက သိရပါတယ်။
“အိမ်ခြေက ကုန်တာများတယ်။ မနက်ပိုင်းကော ညနေကော ညကောရှို့တာ။ ရွာခံတွေတော့ပြေးရတာပေါ့။ တောတွေထဲရော အခြားနီးစပ်တဲ့ရွာတွေထဲရော”လို့ မြင်းခြံမြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

စစ်ကြောင်းကတော့ မေလ ၁ ရက်ညတွင်းချင်း ညောင်တိုရွာကိုဝင်ကာ မေလ ၂ ရက် ဒီမနက် ၆ နာရီခန့်မှာတော့ ရန္တပိုရွာနဲ့ ကိုင်းရွာဘက်ကို ထွက်သွားတယ်လို့ သိရပါတယ်။
“သူတို့ ထော်လာဂျီတွေမောင်းပြီးတော့ ပစ္စည်းတွေသယ်ထုတ်နေတာလည်း မြင်နေရတယ်။ ပစ္စည်းတွေက ထုတ်ပြီးမှ မီးရှိူ့တာ။ စစ်ရှောင်တွေက စက်လှေတွေနဲ့မြစ်ကူးပြီးရှောင်လာတော့ သူတို့မှာရှိတဲ့ထော်လာဂျီတွေက ရွာထဲမှာပဲထားခဲ့တာ။ အဲဒီထော်လာဂျီတွေလိုက်မောင်းပြီး ယူသွားတာမြင်နေရတယ်။ မီးရှို့ပြီးတာနဲ့ရွာစဥ်အတိုင်းထွက်သွားတာ။”လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကြောင်းထွက်ပြီးနောက် မေလ ၂ ရက်နေ့မှာ ဒေသခံအချို့က ကျေးရွာထဲ နယ်မြေဝင်ရှင်းချိန် မီးလောင်ပျက်စီးထားတဲ့ အိမ်ခြေ ၅၀ ကျော်ကို တွေ့ရပြီး မင်္ဂလာဆောင်ပြုလုပ်မယ့် မဏ္ဍပ်ကိုလည်းမီးရှို့သွားတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ကြောင်းဟာ ဆင်ချောင်းရွာကိုဝင်လာချိန် ကျေးရွာအနီးမှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်ထိခိုက်အခြေနေကိုမသိရသေးဘူးလို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် ကမ်းပါးနီ၊ ဖက်ပင်အိုင်၊ ဆင်ချောင်း၊ ညောင်တို၊ ကိုင်း၊ ရန္တပို၊ နဘူးအိုင်၊ မရိုးကုန်းအပါအဝင် ကျေးရွာ ၁၀ က ပြည်သူ ၅,၀၀၀ ကျော်ဟာ ဧရာဝတီမြစ်ကို ဖြတ်ကူးပြီး မြောင်မြို့နယ်ထဲကကျေးရွာတွေမှာ စစ်ဘေးရှောင်နေကြရပါတယ်။
ဒါ့အပြင် ကနီမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝ လမ်းတလျှောက်မှာလည်း ဧပြီ ၂၃ ရက်ကစလို့ စစ်ကော်မရှင်တပ်က အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်းထိုးခဲ့ပြီး မေလ ၁ ရက်မှာ ၂၈ မိုင်အနီးက နေအိမ်တွေကို မီးရှို့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ်၊ ဆင်စွယ်ရွာနဲ့ အင်တောရွာတွေကိုလည်း အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုးနေပြီး ဒီကနေ့ မေလ ၂ ရက် နေ့လယ်ပိုင်းမှာ အင်တောရွာကနေအိမ်တွေကို မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ကနီမှာ မုံရွာ-ယာကြီး လမ်းပိုင်းက ၂၈ မိုင်နားမှာ မီးရှို့ထားတာ ရှိတယ်၊ အခြေအနေတွေတော့ သေချာ မသိရသေးဘူး၊ ယင်းမာပင်ဖက်မှာလည်း ဆင်စွယ်ကနေ အင်တောဖက် ထွက်သွားပြီး အင်တောမှာ မီးရှို့နေတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိမှာ ကနီမြို့နယ်ကိုထိုးနေတဲ့စစ်ကြောင်းဟာ မုံရွာ-ယာကြီးလမ်းပိုင်း ၃၂ မိုင်အနီးကို ရောက်ရှိနေပြီး ယင်းမာပင်မြို့နယ်စစ်ကြောင်းကတော့ အင်တောရွာကို ရောက်နေတယ်လို့ သိရပါတယ်။
အဆိုပါစစ်ကြောင်းတွေကြောင့် ကနီနဲ့ ယင်းမာပင်မြို့နယ်က ကျေးရွာပေါင်း ၃၀ ခန့်က သောင်းနဲ့ချီတဲ့ ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ ဆိုပါတယ်။
စာတည်း – လင်း