ခမ်းပတ်မြို့ လေကြောင်းဗုံးကြဲခံရ၊ ပြည်သူသေဆုံးမှုရှိ

0 1
0 1

ချယ်ရီ၊ သိုက်ထွန်း။

မကွေး၊ ဇန်နဝါရီ ၁၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့ကို စစ်ကောင်စီက ဒီကနေ့ ည ၈ နာရီခွဲဝန်းကျင်က လေကြောင်းနဲ့ ၃ ကြိမ်ဆက်တိုက် ဗုံးကြဲခဲ့တာကြောင့် ပြည်သူသေဆုံးမှုရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီက MiG 29 ဂျက်ဖိုက်တာနဲ့ ည ၈ နာရီ ၂၃ မိနစ်၊ ၈ နာရီ ၃၂ မိနစ်နဲ့ ၈ နာရီ ၃၆ မိနစ်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီး ၁ ပါး အပါအဝင် ကလေး ၂ ဦး၊ လူကြီး ၃ ဦးသေဆုံးခဲ့တယ်လို့ ကနဦး သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်က စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ ခမ်းပတ်မြို့မှာ အမျိုးသားညီညွတ်ရေးအစိုးရက ရုံးဖွင့်ဖို့လုပ်ဆောင်နေပြီး လူတွေစုံနေပြီဖြစ်ကြောင်း ရေးသားကာ လေကြောင်းနဲ့ ဗုံးကြဲပေးဖို့ တောင်းဆိုကြောင်း သဘောဆောင်တဲ့ သင်္ကေတတွေကို ရေးသားဖော်ပြနေကြတာတွေ့ရပါတယ်။

ခမ်းပတ်မြို့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းက နိုင်ငံရေးလေ့လာသူ ကိုစိုးဝင်းဆွေကလည်း သူ့ရဲ့ Facebook မှာ ” NUG လူကြီးမင်းများ အာချောင်လိုက်တာ၊ စစ်ကိုင်းတိုင်းထဲက ဟော့ခ်ဖြစ်နေတဲ့ နေရာတွေ အခုပဲ AS လုပ်သွားပြီ။ ခင်ဗျားတို့စကား ခင်ဗျားတို့ တာဝန်ယူကြ” လို့ ရေးသားဖော်ပြထားပါတယ်။

ခမ်းပတ်မြို့ကို ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး ၁ လအကြာ ၂၀၂၃ နို၀င်ဘာလမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

၂၀၂၄ ဇန်နဝါရီ ၇ ရက်တုန်းကလည်း ခမ်းပတ်မြို့အနီးက ကနန်ကျေးရွာကို စစ်ကောင်စီက A5 လေယာဉ်အမျိုးအစားနဲ့ ဗုံး ၅ လုံးကျော် ကြဲချတိုက်ခိုက်ခဲ့ရာ ကျေးရွာအနောက်ပိုင်း စာသင်ကျောင်းနဲ့ ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲပြီး ကလေး ၄ ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၁၆ ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပါသေးတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။