ပဲခူး၊ ဇန်နဝါရီ ၂၁၊ ၂၀၂၅။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ခပေါင်းတိုက်နယ်၊ သာယာကုန်းကျေးရွာမှာ အမျိုးသားတဦး ဓါးခုတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သေဆုံးသူဟာ ဇီးဖြူခင်(အထက်) ကျေးရွာနေ အသက် ၃၅ နှစ်အရွယ် ကိုကျော်မင်းထွန်း (ခ) ကိုကျော်ထူး ဖြစ်ပြီး ဇန်နဝါရီ ၂၀ ရက် ညနေ ၅ နာရီကျော်ခန့်မှာ သူအလုပ်လုပ်ရာ သာယာကုန်း ကျေးရွာရှိ ပျိုးခြံဥယျာဥ်နေအိမ်ထဲမှာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတာလို့ ဆိုပါတယ်။
“သူက ပုံမှန်ဆို နိစ္စဓူဝ နေ့ခင်းအလုပ်လာဆင်းတယ်။ ခြံဖွင့်လုပ်ကိုင်။ ပြန်ရင်ခြံရှင်ကို သော့ပြန်အပ်တယ်။ ဖြစ်တဲ့နေ့က သော့လာမအပ်တော့ စိတ်ပူလို့ဖုန်းဆက်တော့လည်း မကိုင်လို့၊ လိုက်သွားတော့လည်း သူအမြဲထိုင်တဲ့ခြံရှေ့ကွမ်းယာဆိုင်မှာမရှိတော့ အိမ်ထဲဝင်ကြည့်မှ အသတ်ခံထားရတာ ဖြစ်နေတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။
အလောင်းကိုတွေ့ရှိချိန်မှာ ဦးခေါင်းကွဲ၊ မျက်နှာ ၁ ခြမ်းပြတ်ကျ၊ ညာလက်ညိုး ၁ ချောင်းပြတ်ပြီး ဘယ်လက်ဓားခုတ်ရာ ၂ ချက်နဲ့ လည်ပင်းမှာ ဓားခုတ်ရာ ၁ ချက်အပါအဝင် စုစုပေါင်း ဓားခုတ်ရာ အချက် ၂၀ ခန့်နဲ့သေဆုံးနေတာလို့ ဆိုပါတယ်။
သေဆုံးသူဟာ အေးဆေးနေတတ်သူဖြစ်ပြီး ရန်ငြိုးရန်စလည်းမရှိတာကြောင့် ဘယ်သူကဘာကြောင့် သတ်ဖြတ်တယ်ဆိုတာမသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
အလောင်းကိုတော့ ရဲတပ်ဖွဲ့ဝင်တွေကစစ်ဆေးပြီးနောက် အုတ်တွင်းမြို့နယ်၊ ပြည်သူ့ဆေးရုံကို သယ်ဆောင်သွားကြပြီး ဇန်နဝါရီ ၂၁ ရက် နေ့လယ်ပိုင်းမှာတော့ ကျန်ရစ်သူမိသားစုဝင်တွေက ဆေးရုံကနေ အလောင်းကိုလာထုတ်ပြီး ဇီးဖြူခင်(အထက်) ကျေးရွာကို ပြန်သယ်သွားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင် ၁၂ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ ဇလုပ်ကုန်းကျေးရွာအနီး ရိုးမထဲမှာ တောအတူခုတ်နေရင်း စကားများရမှ ဓားခုတ်မှုဖြစ်လို့ အမျိုးသား ၁ ဦးသေဆုံးခဲ့ပါသေးတယ်။
စာတည်း – လင်း