မြင်းခြံ၊ ဧပြီ ၄၊ ၂၀၂၆။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဖက်ပင်အိုင်ရွာကို စစ်ကော်မရှင်စစ်ကြောင်းဝင်ကာ ဒရုန်းနဲ့ဗုံးချပစ်ခတ်မှုတွေအတွင်း PDF ရဲဘော် ၄ ဦးအပါအဝင် ပြည်သူ ၂၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ ကျောက်ပေါင်းကျေးရွာပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။
ဧပြီ ၂ ရက်မှာ ဆုံကျေးရွာကနေထွက်လာတဲ့ ပျုစောထီးနဲ့စစ်ကော်မရှင်အင်အား ၁၀၀ ကျော်ဟာ ဖက်ပင်အိုင်ကျေးရွာထဲကို လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီးဝင်ရောက်ခဲ့သလို ဒရုန်းတွေနဲ့ပါဗုံးချ တိုက်ခိုက်ခဲ့တာပါ။
အဆိုပါပစ်ခတ်ဗုံးချမှုတွေအတွင်း ကျောက်ပေါင်းကျေးရွာပကဖအဖွဲ့ဝင် ၁ ဦး၊ ကျောက်တိုင်ကျေးရွာပကဖအဖွဲ့ဝင် ၁ ဦး၊ ကျောက်ကန်ကျေးရွာပကဖအဖွဲ့ဝင် ကိုကံကောင်း နဲ့ Local PDF အဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့သလို ရွာခံတွေထဲကလည်း အသက် ၁၀ နှစ်အောက် ကလေးငယ် ၅ ဦးနဲ့ အသက် ၂၅ ကနေ ၇၀ ကြား အမျိုးသား ၊ အမျိုးသမီး ၁၅ ဦးကျော် သေဆုံးထားတယ်လို့ ဆိုပါတယ်။
“ရဲဘော်တွေက မာတီဒရုန်းချခံရတာ။ ** တွေကပြည်သူတွေကိုပစ်ခတ်နေတဲ့အချိန် ရဲဘော်တွေက ** တွေကိုလုံးပြီး အပြတ်ချေမှုန်းမယ်ဆိုပြီး ရွာကိုချဉ်းကပ်တဲ့အချိန်မှာ ဒရုန်းချခံရပြီးကျတာ။ ရွာပတ်ပတ်လည်ဆို ဒရုန်းဗုံး ၁၀ လုံးအထက်ချခံရတာ။ ရွာခံတွေက ပစ်သတ်ခံရတာ။ အချို့တလေက ကိုယ့်အမေတွေကိုသယ်တဲ့အချိန်မှာ ဒရုန်းချခံရပြီး သေဆုံးကြတာ”လို့ ကျောက်ပေါင်းကျေးရွာပကဖတာဝန်ရှိသူက ပြောပါတယ်။
အဆိုပါသေဆုံးစာရင်းဟာ ပစ်ခတ်မှုဖြစ်ပွားနေစဥ်အတွင်း မြင်တွေ့ရတဲ့ အရေအတွက်သာဖြစ်ပြီး ရွာမီးလောင်ချိန် နောက်ထပ်သေဆုံးသူတွေလည်းရှိနိုင်သေးတယ်လို့ ဆိုပါတယ်။
“သေဆုံးအရေအတွက်ကို အတည်ပြုထားနိုင်တာက ဒရုန်းတိုက်ခိုက်နေတဲ့အချိန်မှာ။ ရဲဘော်တွေက မီးငြှိမ်းတဲ့သူကငြှိမ်း၊ ရွာသားတွေကို ဆွဲတဲ့ သူကဆွဲတဲ့အချိန်မှာ မြင်ရတာရှိသေးတယ်။ ဒရုန်းတွေကတအားချတဲ့အချိန်မှာ နောက်ဆုတ်လာခဲ့ရတာ”လို့ အထက်ပါတာဝန်ရှိသူက ဆက်ပြောပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်စစ်ကြောင်း ဒရုန်းနဲ့ဗုံးချမှုကြောင့် အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ဖက်ပင်အိုင်ကျေးရွာက အိမ်ခြေ ၃၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းကတော့ ဧပြီ ၄ ရက် ဒီကနေ့မနက် ၈ နာရီခန့်မှာ ဖက်ပင်အိုင်ရွာကနေ စစ်ကြောင်း ၂ ကြောင်းခွဲပြီးထွက်ခွာသွားကာ စစ်ကြောင်း ၁ ကြောင်းက ကျောက်တိုင်ရွာ အဲ့ဒီကမှတဆင့် ကန်နီရွာကို ရောက်ရှိတပ်စွဲထားသလို နောက်ထပ်စစ်ကြောင်း ၁ ကြောင်းကတော့ ဆုံရွာဘက်ကို ပြန်ထွက်သွားတယ်လို့ သိရပါတယ်။
စစ်ကြောင်းပြန်ထွက်သွားပေမယ့် အချိန်မရွေးပြန်ရောက်လာနိုင်တာကြောင့် တိမ်းရှောင်နေရတဲ့ရွာခံတွေဟာ ကျေးရွာထဲကို ပြန်မဝင်ရဲကြသေးဘူးလို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးဝင်ရောက်နေလို့ ကန်နီ၊ ကျောက်တိုင်၊ ဖက်ပင်အိုင်ရွာတွေက ဒေသခံထောင်ချီ ဘေးလွတ်ရာကို တိမ်းရှောင်ထွက်ပြေးနေကြရပါတယ်။
ပြီးခဲ့တဲ့မတ်လ ၈ ရက်ကနေ ၁၀ ရက်နေ့အတွင်းမှာလည်း မြင်းခြံမြို့နယ်၊ ပတ္တာကျေးရွာ၊ သင်္ဘောတင်ကျေးရွာ၊ တောင်ကျွန်းရွာနဲ့မြောက်ကျွန်းကျေးရွာတွေကို စစ်ကော်မရှင်ဘက်က စစ်ကြောင်းဝင်မီးရှိုလို့ အိမ်ခြေ ၉၀၀ ခန့်မီးလောင်ပျက်စီးခဲ့သေးတယ်လို့ သိရပါတယ်။
သတင်း – ကျော်ကြီး