စစ်ကော်မရှင်ယာဥ်တန်းနဲ့ ဂွေးချိုရဲစခန်း တိုက်ခိုက်ခံရ (ရုပ်/သံ)

0 8
0 8

ချောက်၊ မတ် ၂၆၊ ၂၀၂၆ ။

မကွေးတိုင်း၊ ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စုလမ်းမပေါ်က စစ်ကော်မရှင်ယာဥ်တန်းနဲ့ ဂွေးချိုရဲစခန်းတို့ကို တိုက်ခိုက်ခဲ့တယ်လို့ ချောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

မတ်လ ၁၆ ရက် မနက် ၈ နာရီခန့်မှာ စစ်ကော်မရှင်တပ်ဖွဲ့ အင်အား ၃၀ ခန့်ဟာ ကား ၃ စီးနဲ့ ဂွေးချိုတိုက်နယ်ကနေ ဂွေးပင်တိုက်နယ်ကို မောင်းနှင်လာချိန် အဲ့ဒီလမ်းပိုင်းမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

” မိုင်းမဆွဲဘူး ပစ်ခတ်တိုက်ခိုက်ခဲ့တာ။ ပစ်ခတ်တိုက်ခိုက်လို​က်တာမှာ ယာဥ်တန်းထဲက ကား ၁ စီးက လမ်းဘေးကိုထိုးကျပြီးတော့ ရပ်သွားတယ်။ အဲ့အချိန်မှာ ကျနော်တို့ အနောက်ကနေလိုက်ပစ်တယ်။ ပစ်တဲ့အချိန်မှာ သူတို့နဲ့အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်။ အဲဒီကြားထဲမှာ ပြည်သူကားပေါ့လေ သွားလာနေတော့ ကျနော်တို့ ပြည်သူကိုပြန်ကြည့်ပြီးတော့ ပြည်သူထိခိုက်မှုဖြစ်မှာရယ် အကြီးအကျယ်တိုက်ပွဲဖြစ်မှာစိုးလို့ ကျနော်တို့ပြန်ဆုတ်ခဲ့ရတယ်”လို့ ချောက်မြို့နယ်ပကဖတာဝန်ရှိသူက ပြောပါတယ်။

တချိန်တည်းမှာပဲ ဂွေးချိုရဲစခန်းအတွင်း စစ်ကော်မရှင်အရာရှိတွေ အစည်းအဝေးလုပ်နေချိန်မှာ ဒရုန်းနဲ့ဗုံးသီး ၄ လုံးချတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

“ဂွေးချိုရဲစခန်းက ဒေသမှာ ပေါ်တာပေါ့လေ၊ ကားပေါ်ကလူတွေဆွဲချ အသက် ၁၈ ကျော်ရင် လူငယ်လူလတ်ပိုင်းတွေကိုဆွဲချပြီး ပေါ်တာအရမ်းဆွဲနေတဲ့ စစ်ဆေးရေးဂိတ် ၁ ခုပေါ့။ အဲ့ဂိတ်အတွက် ပေါ်တာဆွဲဖို့လုပ်ငန်းစဥ်နဲ့ပတ်သက်ပြီးတော့ စစ်တပ်ကအရာရှိပိုင်းတွေလာပြီးတော့ စခန်းထဲ အစည်းအဝေးထိုင်တဲ့အချိန် ဒရုန်းဗုံးသီးချနေတဲ့အချိန် ကွက်တိကျချိန်မှာ အရာရှိတွေကျတာ”လို့ အထက်ပါပကဖတာဝန်ခံက ဆက်ပြောပါတယ်။

ဂွေးချိုရဲစခန်းမှာ ဒရုန်းဗုံးချခံရလို့ စစ်ကော်မရှင်အရာရှိ ၄ ဦးသေဆုံးခဲ့သလို စစ်ယာဥ်တန်းကို တိုက်ခိုက်ချိန်နဲ့ စစ်ကူလာတဲ့ စစ်ကော်မရှင်ကားပေါ် ဒရုန်းဗုံး ၂ လုံးချချိန် ကားပေါ်ကျရောက်တာတွေကြောင့် တပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ သူက ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချောက်ပကဖ)၊ မကွေးခရိုင် ပြည်သူကာကွယ်ရေးအဖွဲ့တို့ ဦးဆောင်ပြီး ချောက်မြို့နယ် ပကဖ လက်ရုံးစစ်ကြောင်း (Chauk Guerilla Force မကွေးတိုင်း ရွေ့လျားစစ်ကြောင်း ( Yenather Column )၊ မကွေးခရိုင် ပကဖတပ်ခွဲ – ၁ (အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့)၊ မကွေးခရိုင် ပကဖ တပ်ခွဲ ၅ ( Chauk Spacial Attack Force) နှင့် မကွေးခရိုင် ပကဖ တပ်ခွဲ ၆ (သခင်ဖိုးလှကြီးအဖွဲ့ ) တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် – M

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။