မြေလတ်အသံ၊ မတ် ၂၆၊ ၂၀၂၆။
ပဲခူးတိုင်း၊ ပြည်ခရိုင်ရှိ ပန်းတောင်းနယ်မြေစစ်ဆင်ရေးနဲ့ ကပစ ၁၆ အနီးတိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် – BPLA၊ အညာစစ်ဒေသက တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုပွဲပြုလုပ်ခဲ့တယ်လို့ BPLA က မတ် ၁၅ မှာ ထုတ်ပြန်ထားပါတယ်။
ဒီဂုဏ်ပြုပွဲကို ဖေဖော်ဝါရီ ၉ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အဆိုပါတိုက်ပွဲတွေအတွင်း အာရက္ခတပ်တော် – AA နဲ့အတူတိုက်ပွဲဝင်ခဲ့တဲ့ BPLA၊ အညာစစ်ဒေသ၊ အမှတ် ၃၀၈ ဗျူဟာက တိုက်ခိုက်ရေး၊ အုပ်ချုပ်ရေးနဲ့ အမိန့်နာခံမှုကောင်းတဲ့ တပ်ဖွဲ့ဝင်တွေကို ထူးချွန်ဆု၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူတွေကို သူရဲကောင်းဆု ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျဆုံးတပ်ဖွဲ့ဝင်တွေကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကာ သက်ဆိုင်ရာ မိသားစုဝင်တွေကို ဂုဏ်ပြုမှတ်တမ်းနဲ့ ထောက်ပံ့ငွေပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လက်ရှိ အာရက္ခတပ်တော် – AA နဲ့ အတူတိုက်ပွဲဝင်နေတဲ့ ကပစ ၁၆ အနီးစစ်ဆင်ရေးမှာ BPLA၊ မြေလတ်စစ်ဒေသ၊ အမှတ် ၂၀၃ ဗျူဟာက ဆက်လက်ပါဝင်တိုက်ခိုက်နေပြီး အခုနှစ် ဖေဖော်ဝါရီလအတွင်း ပွိုင့် ၆၆၆ စခန်းကုန်းကို ထပ်မံသိမ်းပိုက်မှုမှာလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။