ငဖဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးဖမ်းမိခဲ့ပြီး သေနတ် ၈ လက်အပါ ခဲယမ်းများ CDF-Asho ရရှိ

0 1
0 1

မကွေး၊ ဇန်နဝါရီ ၂၇၊ ၂၀၂၅။

မကွေးတိုင်း၊ ငဖဲမြို့နယ်အတွင်း အမ်း-ပဒါန်းလမ်းအတိုင်း ဆုတ်ခွာထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၇ ရက်မှ ၂၅ ရက်အထိ ၉ ရက်အတွင်း ပိတ်ဆို့ဖမ်းဆီးခဲ့ရာ စစ်သားတွေနဲ့လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့တယ်လို့ Chin Defence Force Asho ချင်းကာကွယ်ရေးတပ် – အရှိုက ထုတ်ပြန်ခဲ့ပါတယ်။

ချင်းကာကွယ်ရေးတပ်-အရှို(CDF Asho) တပ်ဖွဲ့ဝင်တွေဟာ အမ်း-ပဒါန်းလမ်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာရာလမ်းမှာ ပိတ်ဆို့တားဆီးရာမှာ စစ်သား ၁၇ ဦးနဲ့ လက်ခဲယမ်းမျိုးစုံတို့ကို သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

ပုံစာ – ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများကို တွေ့ရစဉ်။

“တနေ့တည်းမှာ ဖမ်းဆီးရတာ မဟုတ်ပါဘူး။ အဖွဲ့လိုက်မဟုတ်ဘဲ ၁ ဦး၊ ၂ ဦး ပြေးလာတာတွေကို စောင့်ဖမ်းခဲ့တာပါ။ တိုက်ပွဲဖြစ်တာမျိုး မရှိခဲ့ပါဘူး။” လို့ CDF Asho သတင်းတာဝန်ခံ ဆလိုင်းရိုးချင်းက ပြောပါတယ်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတွေ ကျဆုံးခဲ့ပေမယ့် အမ်း-ပဒါန်းလမ်းရှိ စစ်တပ်စခန်းတချို့မှ စစ်သားတွေ ထွက်ပြေးလာတာတွေရှိနေသေးတယ်လို့ သူကဆက်ပြောပါတယ်။

ပုံစာ – ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများကို တွေ့ရစဉ်။

အခုလို ပိတ်ဆို့တားဆီးရာမှာ စစ်သုံ့ပန်း ၁၇ ဦးဖမ်းဆီးရတာအပြင် MA 1 ၅ လက်၊ MA 2 ၁ လက်၊ MA 4 ၁ လက်၊ MA 15 ၁ လက်၊ ကျည်ဆန်မျိုးစုံ၊ လက်ပစ်ဗုံး ၁၀ လုံး၊ စကားပြောစက် ၃ လုံးနဲ့ တခြားစစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစခန်းတွေက ထွက်ပြေးပြီး ဖမ်းဆီးရမိတဲ့ စစ်သားတွေကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းထားပြီး ဒဏ်ရာရသူတွေကိုလည်း ဆေးဝါးကုသပေးပြီး ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်မှာ စစ်သားနဲ့လက်နက်တွေ ဖမ်းဆီးရခဲ့တာရှိပြီး ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်အထိလည်း ငဖဲမြို့နယ်အတွင်းမှာ နယ်မြေရှင်းလင်းတာတွေ လုပ်ကိုင်နေတယ်လို့ CDF Asho တပ်ဖွဲ့ဆီက သိရပါတယ်။

စာတည်း – ဈာန်မြင့်

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။