ဇီးကုန်းမှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး လက်နက်တွေ PDF သိမ်းဆည်း

0 5
0 5

ဇီးကုန်း၊ မတ် ၂၃၊ ၂၀၂၆။

ပဲခူးတိုင်း၊ ဇီးကုန်မြို့နယ်၊ ဘဲအင်းကျေးရွာနဲ့ စိန်ဘုံသာကျေးရွာအကြား ဘဲအင်းလမ်းဆုံနဲ့ မယင်းကုန်းကျေးရွာအနီးတို့မှာ တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်ကော်မရှင်ဘက်က ၈ ဦးသေဆုံး သေနတ်အချို့သိမ်းဆည်းရမိတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၄ တာဝန်ရှိသူတွေထံက သိရပါတယ်။

မတ်လ ၂၂ ရက် မနက် ၈ နာရီခန့်မှာ ဇီးကုန်းရဲစခန်းကနေ အင်အား ၂၀ ခန့် ဆိုင်ကယ် ၁၂ စီးနဲ့ထွက်လာတဲ့ စစ်ကော်မရှင်တပ်သား၊ ရဲနဲပျူစောထီးအဖွဲ့တွေကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့်ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန် ဇီးကုန်းမြို့ကနေ စစ်ကား ၃ စီး အင်အား ၄၀ ခန့်နဲ့ စစ်ကူလာတဲ့စစ်ကော်မရှင်အဖွဲ့ကို ဇီးကုန်းမြို့နဲ့ ၁ မိုင်အကွာ မယင်းကုန်းရွာအနီး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့တယ်လို့ဆိုပါတယ်။

“ဘာကိစ္စထွက်လာတာလဲတော့ မသိဘူး။ လောင်းကစားဝိုင်းကိစ္စလို့တော့ ကြားတယ်။ အဲဒီမှာ ကျနော်တို့ရှေ့ကင်းပုန်းနဲ့တိုက်ပွဲဖြစ်တာ။ ဆိုင်ကယ် ၁၂ စီးကို မိုင်းမဆွဲဘူး Battle ဆိုင်လိုက်တယ်။ အဲဒီမှာ စစ်ကူလာတဲ့အဖွဲ့ကို ၁ ပွိုင့်နဲ့ဟန့်တားလိုက်နိုင်တယ်”လို့ သာယာဝတီခရိုင် တပ်ရင်း ၂၊ တပ်ခွဲ ၄ တာဝန်ရှိသူကပြောပါတယ်။

ဘဲအင်းလမ်းဆုံတိုက်ပွဲမှာတော့ ပျူစောထီးနဲ့ရဲ ၈ ဦးသေဆုံးပြီး သေနတ်မျိုးစုံ ၅ လက်၊ ကျည်ဘောက်တွေနဲ့ကျည်ဆန်၊ ဖုန်းတွေနဲ့စကားပြောစက်တွေကိုသိမ်းဆည်းရမိခဲ့ပြီး မယင်းကုန်းကျေးရွာအနီးမှာတော့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးဒဏ်ရာရတာကိုသိရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် တော်လှန်ရေးအင်အားစုတွေ ပြန်ဆုတ်လာချိန် စစ်ကော်မရှင်ဘက်က သေဆုံးအလောင်းတွေပြန်ကောက်ပြီး ဇီးကုန်းဘက်ကိုပြန်သယ်သွားသလို လမ်းသွားလမ်းလာတွေကိုလည်း တားဆီးစစ်ဆေးတာတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကိုတော့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ သာယာဝတီခရိုင် ၃၈၀၂ တပ်ရင်း၊ တပ်ခွဲ ၄ UGF Oakpo နဲ့ တပ်ခွဲ ၅ BTZM တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဇန်နဝါရီလ ၇ ရက်ကလည်း ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်ရွာက ပျူစခန်းသိမ်းတိုက်ပွဲမှာ ပျူစောထီးအဖွဲ့ဝင် ၄ ဦးသေဆုံးပြီး စခန်းကို မီးရှို့နိုင်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။