လက်ပံတန်းမြို့ပေါ်မှာ PDF ခေါင်းဆောင် ၁ ဦး ဖမ်းဆီးခံရ

0 0
0 0

လက်ပံတန်း၊ မတ် ၁၄၊ ၂၀၂၆။

ပဲခူးတိုင်း၊ လက်ပံတန်းမြို့၊ မြို့မရပ်ကွက်မှာ PDF ခေါင်းဆောင် ၁ ဦးကို စစ်ကော်မရှင်အဖွဲ့တွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့မြို့ခံတွေဆီက သိရပါတယ်။

မတ်လ ၁၂ ရက် ညနေ ၄ နာရီခန့်မှာ မြိုမရပ်ကွက် ၄ လမ်း၊ တောင်ပိုင်းရှိ ‘စပိုင်စီ’ စားသောက်ဆိုင်မှာ ရှိနေတဲ့ အသက် ၃၀ အရွယ် PDF ခေါင်းဆောင်နဲ့ တပ်ဖွဲ့ဝင်ဟာ အမျိုးသမီးအချို့နဲ့အတူရှိနေချိန် စစ်ကော်မရှင်အဖွဲ့တွေရောက်လာပြီး ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

“အဲ့ဒီဆိုင်မှာ သူတို့စားသောက်တတ်တာ အခုမှမဟုတ်ဘူး။ နှစ်ခေါက်သုံးခေါက်ရှိပြီ။ အသောက်အစားရှိတော့ စကားတွေလည်းလျှံတာရှိမယ်။ အဲ့ဆိုင်ကလည်း စိန်ကန့်လန့်ဘက်က လာဖွင့်ထားတဲ့ ဆိုင်။ ပြောရရင် **ဘက်ကဆိုင်။ တဖက်ကသတင်းပို့မှာပေါ့။ လာဝိုင်းတော့မိတယ်။ သူအောက်က ၁ ယောက်ကလွတ်သွားတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ PDF ခေါင်းဆောင်ဟာ စစ်ကော်မရှင်အာဏာမသိမ်းခင်က စစ်ကိုင်းတိုင်းထဲမှာ တာဝန်ကျတဲ့ ရဲတပ်ဖွဲ့ဝင် ၁ ဦးဖြစ်ခဲ့ပြီး အာဏာသိမ်းပြီးနောက်မှာ CDM ပြုလုပ်ပြီးနောက် တော်လှန်ရေးထဲဝင်ရောက်လာသူဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုဖမ်းခံရတာနဲ့ပတ်သက်ပြီး စခန်းမှာရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စခန်းမှာလာရောက်ခိုလှုံနေတဲ့ စစ်ဘေးရှောင် ၂၀၀ ကျော်အတွက် အန္တရာယ်ရှိလာနိုင်တာကြောင့် အရေးပေါ်ရွှေ့ပြောင်းနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားကြတယ်လို့ ဖြစ်စဥ်ကိုသိရှိတဲ့မြို့ခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံခေါင်းဆောင်နဲ့အတူ ပစ္စတို ၁ လက်၊ ဗုံးသီး ၃ လုံး၊ ကျည် ၇ တောင့်လည်းပါသွားပြီး တပ်ဖွဲ့ဝင်ကတော့ ထွက်ပြေးလွတ်မြောက်သွားကာ အမျိုးသမီးတွေကိုတော့ဖမ်းဆီးမသွားဘူးလို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူကို လက်ပံတန်းမြို့ပေါ်က စစ်ကြောရေးကိုခေါ်သွားတယ်လို့သာသိရပြီး ဘယ်မှာ ဖမ်းထားတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

သာယာဝတီခရိုင်မှာ PDF ၃၈၀၁၊ ၃၈၀၂၊ ၃၈၀၃ စတဲ့တပ်ရင်းတွေ စစ်ရေးလှုပ်ရှားနေတာဖြစ်ပြီး အခုဖမ်းဆီးခံရတဲ့ PDF ခေါင်းဆောင်နဲ့ပတ်သက်လို့ သက်ဆိုင်ရာတပ်ရင်းက ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့ဖော်ဖေဝါရီလ စတုတ္ထအပတ်အတွင်းမှာလည်း သာယာဝတီခရိုင်အခြေစိုက် တပ်ရင်း ၁ ခုက ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး စစ်ကော်မရှင်ဆီ ဘက်ပြောင်းသွားခဲ့တဲ့ဖြစ်စဥ် ရှိခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း – လင်း

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။