ကနီ၊ မတ် ၁၂၊ ၂၀၂၆။
■ (အမျိုးသားညီညွတ်ရေးအစိုးရ – NUG မှ ပြန်လည်ဖြေကြားချက်ကို မတ်လ ၁၂ ရက် နေ့လယ် ၂ နာရီ ၄၈ မိနစ်တွင် ထပ်မံဖြည့်စွက်ထားပါသည်)
အခွန်ငွေတွေအလွဲသုံးတယ်ဆိုကာ NUG အစိုးရလက်အောက်တပ်တွေက ပြန်လည်ဖမ်းဆီးထားတဲ့ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပသုံးလုံးခေါင်းဆောင်တွေအပါအဝင် ၁၃ ဦးကို ပွင့်လင်းမြင်သာစွာတရားစီရင်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုလိုက်ပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ ကနီမြို့နယ် ပအဖတာဝန်ခံကိုအောင်မျိုးမင်း၊ ပလဖတာဝန်ခံ ကိုစိုးမင်း၊ ပလဖဒုတာဝန်ခံ ကိုကျော်ဆန်း၊ မြို့နယ်သယံဇာတဥက္ကဌ ကိုနိုင်မျိုးဝင်းနဲ့အဖွဲ့ဝင်တွေ၊ပကဖတာဝန်ခံ ဝေဖြိုးသန့် စတဲ့ခေါင်းဆောင်တွေအပါ ၁၃ ဦးဖြစ်ပြီး အဂတိလိုက်စားမှုတွေရှိတယ်ဆိုကာ NUG အစိုးရကြားကာလဗဟိုကော်မတီအမိန့်နဲ့ ကနီအခြေစိုက် 9+ တပ်ရင်းတွေက ပြီးခဲ့တဲ့နှစ် ဩဂုတ် ၂၄ ရက်က နေအိမ်တွေနဲ့ တပ်စခန်းတွေကနေ တပြိုင်နက်တည်းဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးထားတာ ၇ လ ကြာရှိပြီဖြစ်ပေမယ့် ၎င်းတို့ကိုအမှုဖွင့်တာနဲ့ စစ်ဆေးတရားစီရင်တာ တစုံတရာမရှိသေးတဲ့အပြင် ဖမ်းဆီးခံရပြီးကတည်းက မိသားစုဝင်တွေအနေနဲ့ လက်ရှိအထိတွေ့ဆုံခွင့်မရသလို ဖုန်းနဲ့ဆက်သွယ်ခွင့် ၄ ကြိမ်သာရရှိခဲ့ပြီး အဆက်အသွယ်ပြတ်တောက်နေတာ ၃ လကျော်ရှိနေပြီဖြစ်တာကြောင့် စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။

” အပြစ်ရှိရင် အပြစ်ရှိသလို ပွင့်လင်းမြင်သာစွာနဲ့ တရားစီရင်စေချင်တယ်။ ထိုက်သင့်တဲ့ပြစ်ဒဏ်ပေး။ အခုဟာက ၇ လရှိနေပြီး တရားစီရင်ရေးက ဘာကြီးမှန်းမသိဘူး။ အထဲထဲမှာ နှိပ်စက်ခံနေရတယ်ဆိုတာက အဆင်ပြေမနေဘူး။ မျက်နှာကိုပုဝါစည်း၊ လက်သီးတွေနဲ့ဝိုင်းထိုး၊ ပွိုင့်ဖိနပ်တွေနဲ့ကန်၊ သေနတ်ဒင်တွေနဲ့လည်းဆောင့် အဲ့လိုမျိုးခံနေရတယ်” လို့ ဖမ်းဆီးခံထားရသူတွေရဲ့မိသားစုဝင်နဲ့ နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။
ကနီမြို့နယ်ပသုံးလုံးခေါင်းဆောင်တွေကို ဖမ်းဆီးတာနဲ့ပတ်သက်ပြီး တိုင်ကြားချက်အရ ကနီမြို့နယ်ပကဖတာဝန်ခံအပါအဝင် ၁၃ ဦးကို ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီရဲ့အမိန့်နဲ့ ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ စစ်ဆေးတွေ့ရှိချက်တွေအပေါ် မူတည်ပြီး ဥပဒေနဲ့အညီဆက် လက်ဆောင်ရွက်မှာဖြစ်ကြောင်း NUG အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ကနဦးဖမ်းဆီးချိန်မှာ မီဒီယာတွေကို ပြောဆိုထားပါတယ်။
ဖမ်းဆီးခံထားရသူတွေနဲ့ပတ်သက်ပြီး အပြစ်ရှိပါက ပွင့်လင်းမြင်သာစွာပြည်သူကိုအသိပေးပြီး တရားစီရင်ဖို့လိုသလို အပြစ်မရှိပါက အမြန်ဆုံးပြန်လွှတ်ပေးဖို့ မိသားစုဝင်တွေက လိုလားနေကြတာပါ။
ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေရဲ့အခြေအနေကိုသိရှိနိုင်ရေး ဖမ်းဆီးရာမှာပါဝင်တဲ့ ကနီနယ် 9 + တပ်ရင်းတွေရဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ BG ကို မြေလတ်အသံက မေးမြန်းပေမယ့် တစုံတရာတုံ့ပြန်ဖြေကြားတာ မရှိပါဘူး။
ဒါ့အပြင် ဖြစ်စဥ်အခြေအနေကိုအသေးစိတ်သိရှိနိုင်ရေး အမျိုးသားညီညွတ်ရေးအစိုးရ-NUG သတင်းထုတ်ပြန်ရေးအဖွဲ့ကို မြေလတ်အသံက မေးမြန်းခဲ့ပေမယ့် သတင်းတင်ပြချိန်အထိ တုံ့ပြန်ဖြေကြားတာမရှိသေးပါဘူး။
ဖြည့်စွက်ချက် – အမျိုးသားညီညွတ်ရေးအစိုးရ – NUG မှ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး “လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားလုပ်ပြီး အဂတိ လိုက်စားခြင်းဖြစ်ပါတယ်။ ယခင်ကတော့ ဌာနစုံပါဝင်တဲ့ ဌာနတွင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ပလဖ ကိုလွှဲပြီ အမှုဖွင့်ဆောင်ရွက်မှုများ ပြုလုပ်သွားမှာဖြစ်ပါတယ်။” လို့ ပြန်လည်ဖြေကြားထားပါတယ်။