■ စစ်ကြောင်းကစီးနင်းပစ်ခတ်လို့ ဒေသခံ ၂ ဦးသေဆုံး
မုံရွာ၊ မတ် ၁၀၊ ၂၀၂၆။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ မအူစစ်ဆေးရေးဂိတ်အနီးမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကော်မရှင်အဖွဲ့ တိုက်ခိုက်ခံရပြီး ၁ ဦးသေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းခဲ့တယ်လို့ BRAVE HEART ARMY – BHA တပ်ဖွဲ့ဆီက သိရပါတယ်။
မတ်လ ၉ ရက် ညနေ ၄ နာရီခွဲဝန်းကျင်မှာ မအူဂိတ်ကထွက်လာတဲ့ အင်အား ၂၀ ပါ စစ်ကော်မရှင်အဖွဲ့ဟာ ဂိတ်နဲ့ မီတာ ၃၀၀ ခန့်အကွာ မုံရွာ-ချောင်ဦးလမ်းပေါ် လမ်းကင်းဖြန့်နေချိန် ကြားဖြတ်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
“လမ်းကင်းချတော့ ၂ ကောင်က လမ်းကူးနေတာ။ အဲ့ဒီအချိန်မှာ ပစ်တာ။ သေနတ်တက်ကောက်တော့ ခေါင်းကိုတောင် တည်ပစ်ခဲ့သေးတယ်။ ဓာတ်ပုံရိုက်ချိန်မရလိုက်လို့။ “လို့ BRAVE HEART ARMY – BHA တပ်ဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
အဆိုပါပစ်ခတ်မှုအတွင်း စစ်ကော်မရှင်တပ်သား ၁ ဦးနေရာမှာသေဆုံးပြီး MA 1 သေနတ် ၁ လက်နဲ့ ကျည်ကာဦးထုပ် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက် ကျန်စစ်ကော်မရှင်အဖွဲ့တွေဟာ သေဆုံးအလောင်းကိုကောက်ပြီး ည ၉ နာရီခန့်မှာ ထနောင်းတောမြောက်ရွာကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်ပြီး ဝင်ရောက်စီးနင်းခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
ခုလို စီးနင်းပစ်ခတ်မှုအတွင်း အသက် ၁၅ နှစ်အရွယ် အမျိုးသမီးငယ် ၁ ဦးနဲ့အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးသေဆုံးခဲ့သလို နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ထနောင်းတောမြောက်ရွာမှာ အိမ်ခြေ ၄၀၀ ကျော်ရှိပြီး စစ်ကြောင်းကြောင့် ဒေသခံတွေအားလုံး ရွာကနေထွက်ပြေးခဲ့ကြရပြီး အဆိုပါစစ်ကြောင်းဟာ ရွာထဲမှာညအိပ်ခဲ့ပြီးနောက် မတ်လ ၁၀ ရက် ဒီမနက် ၃ နာရီခန့်မှာ မုံရွာကိုပြန်ထွက်ခွာသွားချိန်မှာတော့ ရွာခံအချို့ကျေးရွာထဲကို ပြန်ဝင်လာကြပြီလို့ သိရပါတယ်။
မတ်လ ၃ ရက်ကလည်း မုံရွာမြို့နယ်၊ တောပုကျေးရွာထိပ် မုံရွာ-ချောင်းဦးလမ်းမပေါ် စစ်ဆေးရေးလုပ်နေတဲ့ စစ်ကော်မရှင်အဖွဲ့မိုင်းဆွဲခံရပြီး ၁ ဦးသေ ၃ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။
စာတည်း – လင်း