BNRA အတွင်းရေးမှူးနဲ့ စစ်ရေးတာဝန်ခံ လက်နက်တွေနဲ့ပျောက်နေလို့ စစ်ကြောင်းထိုးရှာဖွေနေ

0 44
0 44

ပုလဲ၊ ဖေဖော်ဝါရီ ၁၉၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ ဗမာ့အမျိုးသားတော်လှန်ရေးတပ် – BNRA တပ်ဖွဲ့က ခေါင်းဆောင် ၂ ဦး လက်နက်တွေနဲ့အတူ ထပ်မံပျောက်ဆုံးနေလို့ အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်တပ်တွေက စစ်ကြောင်းထိုးရှာဖွေနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

BNRA တပ်ဖွဲ့အတွင်းရေးမှူး ကိုဖြိုးနဲ့ စစ်ရေးတာဝန်ခံ ကိုလတ် တို့ဟာ တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်နဂါးနဲ့အတူ ယမန်နေ့ ဖေဖော်ဝါရီ ၁၈ ရက်ကတည်းက လက်နက်ခဲယမ်းတွေနဲ့အတူပျောက်ဆုံးနေတာလို့ ဆိုပါတယ်။

” အဓိက BNRA ကို ကိုင်တွယ်တဲ့အထဲမှာ သူတို့ ၂ ယောက်လည်းပါတယ်။ မနေ့က စစ်တပ်ထုတ်ပြန်ချက်မှာ ဒီ ၂ ယောက်မပါလာဘူး”လို့ (ပုလဲအခြေစိုက်) တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

မြေပြင်မှာတော့ ၎င်းတို့ ၂ ဦးပါ ဗိုလ်နဂါးနဲ့အတူ စစ်တပ်နဲ့ပူးပေါင်းသွားကြောင်းစွပ်စွဲချက်တွေရှိ‌‌ပြီး လက်ရှိမှာတော့ တော်လှန်ရေးတပ်တွေက ပိတ်ဆို့ရှာဖွေနေတယ်လို့ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

BNRA စစ်ရေးတာဝန်ခံ ကိုလတ် ဆိုသူက သူ့ရဲ့လူမှုကွန်ယက်ဖေ့ဘွတ်ကနေ ဖေဖော်ဝါရီ ၁၉ ရက် ဒီကနေ့မနက် ၉ နာရီဝန်းကျင်မှာ “နှုတ်ဆက်ခဲ့ပါတယ်အညာမြေ။ ဖားစည်သံ ညံစေရမယ်။ KL လိုင်းပေါ် မရှိရင်စိတ်မပူကြပါနဲ့ ။ အကွာအဝေးမိုင်ကျော်ခရီးမို့ပါ” လို့ ရေးသားထားပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက်မှာ ပုလဲနယ်အတွင်းက BNRA စခန်းတချို့ NUG အစိုးရလက်အောက်တပ်တွေတိုက်ခိုက်တာခံရပြီးတဲ့နောက် နှစ်ဖက်စစ်ရေးအခြေအနေတွေတင်းမာခဲ့ပြီး ယမန်နေ့ညနေပိုင်းမှာ BNRA ခေါင်းဆောင် ဗိုလ်နဂါး က စစ်တပ်ထံလက်နက်ချပူးပေါင်းသွားတာပါ။

ဗိုလ်နဂါး စစ်တပ်နဲ့ပူးပေါင်းသွားပြီးတဲ့နောက် မနေ့ည ၈ နာရီကျော်မှာပဲ ပုလဲမြို့နယ်ထဲက ဆေးရုံ ၁ ခုကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။