တန့်ဆည်မှာ ဘုန်းကြီးကျောင်းဗုံးကြဲခံရလို့ ကိုရင်နဲ့ ဆွမ်းလာပို့သူတွေအပါ ၅ ဦးသေဆုံး

0 33
0 33

တန့်ဆည်၊ ဖေဖော်ဝါရီ ၅၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သစ်စေးကုန်းကျေးရွာမှာ ဘုန်းကြီးကျောင်းထဲဗုံးကြဲခံရလို့ ကိုရင် ၁ ပါးအပါအဝင် လူ ၅ ဦးသေဆုံးခဲ့တယ်လို့ ကျေးရွာနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက် ဒီကနေ့ မနက် ၉ နာရီ မိနစ် ၄၀ မှာ စစ်ကော်မရှင်တပ်တိုက်လေယာဥ် ၂ စီးက ဗုံး ၃ လုံးကြဲချပြီးနောက် စက်လတ်တွေနဲ့ပစ်ခတ်သွားခဲ့တာဖြစ်ပြီး ဘုန်းကြီးကျောင်းအတွင်းရှိတဲ့ ကားဝပ်ရှော့နဲ့ ကျောင်းဆောင်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

” ဖိုက်တာ ၂ စီးနဲ့ရှေ့ဆင့်နောက်ဆင့် လာပစ်သွားတာ။ ပထမ ၁ စီးက ဗုံးကြဲတယ်။ နောက် ၁ စီးက ဗုံး၂ လုံးကြဲတယ်။ ၁ လုံးကမကွဲဘူး။ စက်လတ်နဲ့လည်းပစ်သွားတာ။ ဘုန်းကြီးကျောင်းတနေရာတည်းကို ကြဲသွားတာ။ ဘုန်းကြီးကျောင်းထဲမှာ အရင်ကစစ်ရှောင်တဦးက ကားဝပ်ရှော့(ဖွင့်ပြီး) ကားပြင်နေတာရှိတယ်။” လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ တန့်ဆည်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

ဗုံးကြဲခံရလို့ ဘုန်းကြီးကျောင်းကိုဆွမ်းပို့လာတဲ့ အသက် ၃၀ ကနေ ၄၀ကြားရှိ အမျိုးသမီး ၃ ဦး၊ အသက် ၁၃ နှစ်ကျော် ကိုရင် ၁ ပါး၊ ကားပြုပြင်နေသူ အသက် ၄၀ အရွယ်အမျိုးသားတို့သေဆုံးခဲ့ပြီး အသက် ၁၆ နှစ်ကျော် ကိုရင် ၁ ပါး၊ အသက် ၂၀ ကနေ ၃၅ နှစ်ကြား အမျိုးသား ၃ ဦးဒဏ်ရာရခဲ့ကာ ဘုန်းကြီးကျောင်းလည်းပျက်စီးသွားတယ်လို့ ဆိုပါတယ်။

ဗုံးကြဲခံရပြီးနောက် ကျေးရွာပြည်သူတွေဟာ စစ်ကော်မရှင်ရဲ့လေကြောင်းအန္တရာယ်ကို​ကြောက်ရွံ့နေကြပြီး အခင်းဖြစ်ကျေးရွာတဝိုက်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ကြဲချခဲ့တာလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၂ ရက်ကလည်း တန့်ဆည်မြို့နယ်၊ ကော်တက်ကျေးရွာမှာ လေကြောင်းကနေ ဗုံးကြဲခံရလို့ အမျိုးသမီး ၂ ဦးဒဏ်ရာရပြီးနေအိမ် ၃ လုံးပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။