မုံရွာမြို့ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လိုက်ပါလာတဲ့အိမ်စီးကားကို စစ်တပ်ကင်းပတ်ကားက လိုက်လံပစ်ခတ်လို့ ၃ ဦးကျဆုံး

0 49
0 49

မုံရွာ၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သာစည်လမ်းပေါ် ဆရာအတတ်သင်(TTC) ကျောင်းအနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လိုက်ပါလာတဲ့ အိမ်စီးကားကို စစ်ကော်မရှင်တပ်သားတွေကလိုက်လံပစ်ခတ်လို့ ၃ ဦးကျဆုံးခဲ့တယ်လို့ မုံရွာမြို့နယ်ပကဖတာဝန်ရှိသူတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက် ယမန်နေ့မနက် ၁၀နာရီခန့်မှာ PDF အဖွဲ့ဝင်အချို့လိုက်ပါလာတဲ့ အိမ်စီးကားအဖြူရောင်ကို ကင်းပတ်နေတဲ့စစ်ကော်မရှင်ကားက TTC ကျောင်းအနီးကနေ လမ်းဆုံမီးပွိုင့်အထိ လိုက်လံပစ်ခတ်ခဲ့တာလို့ဆိုပါတယ်။

” မြို့ထဲကိုဝင်ရင်းနဲ့ **ကားနဲ့တွေ့ပြီး ထိတွေ့ဖြစ်ကြတယ်ဆိုတာ သိရတယ်။ ကားကို လိုက်ပစ်တာ။ မြို့ထဲပတ်နေတဲ့ကောင်တွေနဲ့ ဆုံတာ။ မသင်္ကာလို့ လိုက်ပစ်ရင်းနဲ့ဖြစ်တာ။ ကားထဲမှာတော့ ကနဦးသိရတာ ၃ ဦးပါတယ်။ ၃ ဦးလုံး ဆုံးတယ်။၂ ဦးက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဖြစ်တာကတော့ သေချာပါတယ်။”လို့ မုံရွာမြို့နယ်ပကဖတာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်တပ်ဖွဲ့တွေပစ်ခတ်မှုကြောင့် ကားပေါ်ပါ အသက် ၂၀ ကနေ ၃၀ ကြား PDF လူငယ် ၂ ဦး၊ အတည်မပြုနိုင်သေးတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသမီး ၁ ဦး တို့ သေဆုံးခဲ့ပြီး သေဆုံး PDF တွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာတပ်ရင်း၊တပ်ဖွဲ့တွေရဲ့ သတင်းထုတ်ပြန်ချက်ကိုသာစောင့်ဆိုင်းဖို့ ပကဖတာဝန်ရှိသူက ဆက်ပြောပါတယ်။

မုံရွာမြို့ခံသတင်းရင်းမြစ်တဦးကလည်း သာစည်လမ်းပေါ် မှာ ပစ်ခတ်ခံရတဲ့ Mark II အိမ်စီးကားဟာ ကားရပ်သွားတဲ့အထိ စစ်ကော်မရှင်တပ်သားတွေရဲ့ တရစပ်ပစ်ခတ်မှုကိုခံခဲ့ရပြီး ကားပေါ်ပါ လူ ၃ ဦးစလုံး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက ရုပ်အလောင်းတွေကို မီးပွိုင့်မှာပစ်ထားလို့ မြို့ခံလူမှုကူညီရေးအသင်း ၁ ခုက အလောင်းတွေကိုကောက်ယူပြီး မုံရွာဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

သာစည်လမ်းဟာ စစ်ကော်မရှင်တပ်ရဲ့ ကင်းပတ်ကားတွေ မကြာခဏဖြတ်သန်းသွားလာလေ့ရှိလို့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ သတိထားသွားလာကြဖို့ကိုလည်း မြေပြင်ကင်းထောက်တွေက သတိပေးပြောဆိုထားပါတယ်။

ဇန်နဝါရီ ၂၂ ရက်ကလည်း ချောင်းဦးမြို့နယ်၊ နတ်ရေကန်နဲ့ မြင်းမူမြို့နယ်၊ အလ္လကပကျေးရွာကြား မုံရွာ-မန္တလေးလမ်းပေါ်မှာ PDF အချို့ တိုက်ခိုက်ခံရပြီး ၂ ဦးကျဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။