မင်းကင်းပလဖ က ရက် ၂၀ ကျော်ကြာဖမ်းထားတဲ့ ရွာဘရွာခံ ၁၆ ဦးနဲ့အဆက်အသွယ်မရလို့ မိသားစုဝင်တွေ စိုးရိမ်

0 12
0 12

မင်းကင်း၊ ဇန်နဝါရီ ၂၈၊ ၂၀၂၆။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ ရွာဘရွာခံ ၁၆ ဦး ရက် ၂၀ ကျော်ကြာအထိ ပြန်လွတ်မလာသေးတဲ့အပြင် အဆက်အသွယ်ပါပြတ်တောက်နေလို့ လုံခြုံရေးစိုးရိမ်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်က ရွာဘရွာမှာ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ပဋိပက္ခတွေဖြစ်ပြီးတဲ့နောက် မင်းကင်းပလဖအဖွဲ့တွေက ရွာခံအမျိုးသား ၁၆ ဦးကို ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးပြီး ရက် ၂၀ ကျော်ကြာ ဇန်နဝါရီ ၂၈ ရက် ဒီကနေ့အထိ ဖုန်းနဲ့ဆက်သွယ်မရသလို ဧည့်တွေ့ ခွင့်လည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။

” မိသားစုလည်း သွားတွေ့ခွင့်မရဘူး။ ခရီးလမ်းကလည်း ဝေးတယ်လေ။ ဖုန်းကလည်း ဆက်သွယ်လို့မရကြဘူး။ ဘာဖြစ်နေလဲဆိုတာ ဘာမှလည်းမသိရဘူး။ ကိုယ်တွေလည်း သွားမတွေ့ရတော့ နှိပ်စက်လားဘာလားမသိရဘူးပေါ့။ စိတ်ကတော့ပူတာပေါ့။ ဘာမှမှ မတတ်နိုင်တာ။သူတို့(ပလဖ)ဘက်ကလည်း ဘာမှလာမပြောဘူး”လို့ ဖမ်းဆီးခံရမှုမှာပါဝင်သူရဲ့မိသားစုဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

ပုံစာ – မင်းကင်းပလဖနှင့် ရွာဘရွာဒေသခံများ ပဋိပက္ခဖြစ်ပွားစဉ် မှတ်တမ်းဓါတ်ပုံအချို့။ (ပုံဟောင်း)
ပုံစာ – မင်းကင်းပလဖနှင့် ရွာဘရွာဒေသခံများ ပဋိပက္ခဖြစ်ပွားစဉ် မှတ်တမ်းဓါတ်ပုံအချို့။ (ပုံဟောင်း)

ဖမ်းဆီးခံရသူတွေဟာ ရွာဘရွာပလဖအဖွဲ့ဝင် ၂ ဦးနဲ့ ရွာခံ ၁၄ ဦးဖြစ်ပြီး မင်းကင်းပလဖ အချုပ်ခန်းရှိရာရွာမှာ ချုပ်နှောင်ထားတယ်လို့သာသိရကာ ပြန်လွှတ်ပေးဖို့ ကျေးရွာပသုံးလုံးအဖွဲ့တွေကနေတဆင့် မြို့နယ်ပလဖကို တောင်းဆိုထားကြတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂ ရက် ည ၈ နာရီခန့်မှာ ကျေးရွာပအဖခေါင်းဆောင် ချစ်ဌေးဆိုသူက ရွာဘရွာဘုန်းကြီးကျောင်းမှာ ရပ်ရွာကိစ္စအစည်းအဝေးလုပ်နေတဲ့ ရွာခံတွေကို လာရောက်ခြိမ်းခြောက်တာကနေ ပြဿနာတွေစတင်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားမှုမှာ ရွာဘရွာပလဖတာဝန်ခံ ဦးအေးလွင်နဲ့ ရွာခံ ၃ ဦး ဒဏ်ရာရရှိခဲ့တာပါ။

မြို့နယ်ပလဖထံမှာ ဖမ်းဆီးခံရသူတွေဟာ ရွာဘရွာခံ ဇော်ဦး၊အောင်ဌေး၊ သာမော်၊ အဲပို၊ စိန်လှထွေး၊ လှထွန်းမောင်၊ လှထွန်းအောင်၊ မောင်ဆန်း၊ ဦးသိန်းလွင်၊ စိန်အောင်၊ အောင်ကျော်မိုး၊ ဖိုးသား၊ စိန်သန်း၊ ဦးမောင်စန်းနဲ့ ပလဖအဖွဲ့ဝင် ချစ်ထွေးနဲ့ မောင်မဲတို့ ၁၆ ဦး ဖြစ်တယ်လို့ သိရပါတယ်။

ပုံစာ – မင်းကင်းပလဖနှင့် ရွာဘရွာဒေသခံများ ပဋိပက္ခဖြစ်ပွားစဉ် မှတ်တမ်းဓါတ်ပုံအချို့။ (ပုံဟောင်း)
ပုံစာ – မင်းကင်းပလဖနှင့် ရွာဘရွာဒေသခံများ ပဋိပက္ခဖြစ်ပွားစဉ် မှတ်တမ်းဓါတ်ပုံအချို့။ (ပုံဟောင်း)

“အသက်အန္တရာယ်နဲ့ပတ်သက်ပြီး မလုပ်လောက်ဘူးလို့တော့ ထင်တယ်။ သတ်မယ်ဖြတ်မယ်တော့ မကြားဘူးရယ်။ ဒါပေမယ့်လည်း တခုခုလုပ်မှာကို စိုးရိမ်တာပေါ့ဗျာ။ ဒီကာလအခြေနေကလည်း သိတဲ့အတိုင်းပဲဆိုတော့။ အခုအယူဝါဒကြီးကိုလည်း မကြိုက်တာ။ ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်တာပေါ့ဗျာ”လို့ အထက်ပါမိသားစုဝင်က ဆက်ပြောပါတယ်။

အခင်းဖြစ်စဥ်နဲ့ ရွာဘရွာခံတွေကိုဖမ်းဆီးထားတဲ့ နောက်ဆက်တွဲအခြေအနေတွေနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရေး မင်းကင်းမြို့နယ်ပလဖနဲ့ ပအဖခေါင်းဆောင်တွေကို မြေလတ်အသံက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာမရှိခဲ့ပါဘူး။

ပုံစာ – မင်းကင်းပလဖနှင့် ရွာဘရွာဒေသခံများ ပဋိပက္ခဖြစ်ပွားစဉ် မှတ်တမ်းဓါတ်ပုံအချို့။ (ပုံဟောင်း)

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။