ကလေးတောင်ပိုင်းမှာ စစ်တပ်က အင်အားတိုးချဲ့ပြီး ခြေကုတ်စခန်း ထပ်တိုးဆောက်လုပ်နေ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၇၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်း၊ ဇင်းကလင်းရွာနဲ့ ချင်းဆိုင်ရွာကြားမှာ စစ်ကောင်စီတပ်သားတွေက အထိုင်စခန်းတခုဆောက်လုပ်နေပြီး နယ်မြေတိုးချဲ့ဖို့လုပ်နေတယ်လို့ ဒေသခံတွေဆီကတဆင့် သိရပါတယ်။

ဇွန်လ ၆ ရက် မနေ့ကနေ့လယ်မှာ ကလေးမြို့ ဒကစ တပ်ထဲကနေ ကား ၃ စီးနဲ့ ထွက်လာတာဖြစ်ပြီး ညနေပိုင်းမှာတော့ ချင်းဆိုင်နဲ့ ဇင်းကလင်းရွာကြားမှာ အင်အား ၈၀ ဝန်းကျင်ချန်ထားခဲ့ကာ ဘန်ကာတွေဆောက်လုပ်ပြီး ကျေးရွာထဲကနေအိမ်တချို့မှာလည်း ဝင်ရောက်နေထိုင်နေကြတယ်လို့ ဆိုပါတယ်။

“တောင်ပိုင်းကိုက စစ်ကြောင်းထိုးဖို့ရှိတယ်၊ သူတို့ မထိန်းချုပ်နိုင်တာကြာပြီလေ ၁နှစ်ကျော်ပြီ၊ အဲ့ဒါကြောင့် စစ်ကြောင်းထိုးချင်နေတာ၊ စိုးမိုးနယ်မြေ တိုးချဲ့ထိန်းချုပ်နိုင်ဖို့အတွက် တဖြည်းဖြည်းခြေကုတ်ယူပြီး ကပ်လာတဲ့သဘော” လို့ ကာကွယ်ရေးအဖွဲ့အစည်းတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ အခုလက်ရှိ ဇင်းကလင်းရွာထဲက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ တပ်စွဲနေပြီး ရွာအနီးဝန်းကျင်မှာ မြေကျင်းတူးတာတွေ၊ ဘန်ကာဆောက်တာတွေ၊ သဲအိတ်ပြင်တာတွေ လုပ်ဆောင်နေကာ ကလေးမြို့အဝင်ရှိ အဖွဲ့စက်ရွာ စစ်ကောင်စီဂိတ်ကနေလည်း ထောက်ကူပစ္စည်းတွေ လာပို့ပေးနေတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကလေးတောင်ပိုင်းကို စစ်ကြောင်းတွေဝင်လာလို့ လက်ရှိမှာ ရေလဲဦး၊ ပေါက်ခုံ၊ သာစည်၊ ဇင်းကလင်း၊ ချင်းဆိုင်၊ ထိုမာစတဲ့ ကျေးရွာဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းမှာ ၂၀၂၃ ခုနှစ်၊ မေလအထိ နည်းပညာတက္ကသိုလ်ကျောင်းဝန်းထဲမှာ အထိုင်ချထားတဲ့ စစ်ကောင်စီစခန်းနဲ့ အဖွဲ့စက်ရွာမှာအထိုင်ချထားတဲ့စခန်း စုစုပေါင်း ၂ ခုသာ ထားရှိထားတာပါ။

၂၀၂၂ခုနှစ်၊ ဩဂုတ်လ ၂ ရက်ကလည်း နည်းပညာတက္ကသိုလ် (GTC)ရဲ့ တောင်ဘက် ၂ မိုင်ခန့်အကွာက သာယာကုန်းရွာကို အင်အား ၂၀၀‌နဲ့ စစ်ကြောင်းထိုးခဲ့ပြီး ၂ ဖက်တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်ကအထိနာလို့ ပြန်ဆုတ်ခွာသွားခဲ့ရကာ အဲ့ဒီနောက်ပိုင်းမှာတော့ GTC ကျောင်းကိုကျော်လွန်ပြီး စစ်ကြောင်းထိုးဝာာတွေကို ဒီကနေ့ထိ မလုပ်တော့ဘူးလို့ သိရပါတယ်။

အခုလက်ရှိ ထပ်တိုးဆောက်လုပ်နေတဲ့ ဇင်းကလဲ၊ ချင်းဆိုင်ရွာဂိတ်ဟာ GTC အထိုင်စခန်းကနေ မြောက်ဘက် ၁ မိုင်၊ အဖွဲ့စက်ရွာစခန်းကနေ ၃ မိုင်ခန့်အကွာမှာ ရှိနေတာဖြစ်ပြီး စခန်းဆောက်လုပ်ပြီးရင်တော့ GTC စခန်းရဲ့ တောင်ဘက်ကို စစ်ကြောင်းတွေ ပြန်ထိုးလာနိုင်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကလည်း ဇင်းကလင်းရွာနားမှာ မိုင်းမိလို့ စစ်ကောင်စီဘက်က ၃ ပွင့်ဗိုလ် တင်ကျော်ထွေးအပါအဝင် ၁၅ ဦးကျော်သေဆုံးခဲ့ပြီး မေလ ၃၁ ရက်နေ့မှာတော့ စလင်းကနေ ကလေးမြို့ပေါ်ကို ပျူစောထီး အင်အား ၃၀၀ နီးပါး အင်အားဖြည့်တင်းတာတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း – လင်း

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။