26 July 2026 4:48 PM

ကန့်ဘလူနယ်မှာ ပိန္နဲသီးခူးသွားရင်း မိုင်းနင်းမိလို့ ၉ နှစ်အရွယ် ကလေး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ

0 1
0 1

စစ်ကိုင်း၊ ဇွန် ၁၊ ၂၀၂၃။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇင်းရွာမှာ ဦးလေးဖြစ်သူနဲ့ တူတော်စပ်သူကလေး ၂ ဦးတို့ ပိန္နဲသီးခူးအသွား ပျူစောထီးတွေ ထောင်ထားတဲ့မိုင်းကို နင်းမိလို့ တဦးသေဆုံးပြီး ၂ ဦးက ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၃၁ ရက် မနေ့ကနေ့လယ် ၁၁ နာရီအချိန်လောက်မှာ ဇင်းရွာသားတွေဖြစ်တဲ့ အသက် (၅၀)အရွယ် ဦးမောင်ငွေနဲ့ သူရဲ့တူလေး ၂ ယောက်ဖြစ်တဲ့ အသက် (၁၂) နှစ်အရွယ် ထွန်းစည်သူအောင်နဲ့ အသက် (၉)နှစ်အရွယ် ဗူတီ တို့သုံးဦးဟာ ရွာရဲ့မြောက်ဘက်မှာ ပိန္နဲသီးသွားခူးချိန် ပျူစောထီးတွေထောင်ထားတဲ့ မိုင်းကိုနင်းမိလို့ ဗူတီ ဟာ အဲဒီနေရာမှာတင် ပွဲခြင်းပြီးသေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။

မိုင်းစထိမှန်ခဲ့တဲ့ ဦးမောင်ငွေ နဲ့ ထွန်းစည်သူအောင်ကိုတော့ မန္တလေးဆေးရုံကြီးကို ပို့ထားရတယ်လို့ ဇင်းရွာသားတဦး က ပြောပါတယ်။

“ပိန္နဲပင်က ရွာပြင်ဘက်မှာရှိတယ်။ အဲဒီအပင်နားမှာ တဲရှိတယ်။ ပျူစောထီးတွေက မိုင်းကို တဲဘေးမှာ ထောင်ထားတယ်။ အဲဒါ အသက်အငယ်ဆုံးကလေးက နင်းမိပြီး အကုန်ထိကုန်တာ။ ဗူတီကိုတော့ မနေ့က သဂြိုလ်ပေးလိုက်ပြီ၊ ဦးမောင်ငွေက အဆုတ်ကိုထိသွားတယ်။ စိုးရိမ်ရတယ်။ ထွန်စည်သူအောင်က မျက်လုံးကိုထိသွားတယ်။ ဘာမှကောင်းကောင်းမမြင်ရတော့ဘူးလို့ ပြောတယ်” လို့ သူက ဆိုပါတယ်။

အခုလို ပျူစောထီးတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကြောင့် ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်းမှာ သေဆုံးသူ ၆ ဦးထက်မနည်းရှိပြီး ထိခိုက်ဒဏ်ရာရသူတွေကတော့ ၄ ဦးထိရှိတယ်လို့လည်းဆိုပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့ ၄ ဦးအနက် ၃ ဦးဟာ အမြင်အာရုံမရရှိတော့ဘူးလို့လည်း ပြောပါတယ်။

“ မိုင်းက ဒီနှစ်အတွင်းမှာ ၃ ခါလောက်ကွဲတယ်။ မနှစ်က ဒီအချိန်လောက်မှာပဲ မှိုရှာရင်းနဲ့ သားမိ ၃ ယောက်သွားတာ ၂ ယောက်က တခါတည်းသေသွားတယ်။ တယောက်ကတော့မသေပဲကျန်ခဲ့တယ်။ မျက်စိတော့မတွေရတော့ဘူးပေါ့။ အသက် ၇၀ ကျော်အဖွား တယောက်လည်း မိုင်းထိပြီ မျက်စိမမြင်ရတော့ဘူး။ နောက်ပြီး ကျွဲ၊ နွားတွေလည်း မိုင်းနင်းမိပြီ သေတာ ၆ ကောင်ကျော်လောက်ရှိတယ်” လို့ ဒေသခံက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီနောက်ပိုင်းမှာ ပျူစောထီးတပ်ဖွဲ့တွေဟာ ဇင်းရွာထဲကိုဝင်ရောက်တပ်စွဲခဲ့ပြီး ဒေသခံရွာသားတွေကို အတင်းအဓမ္မ ပျူစောထီးသင်တန်းတက်ခိုင်းသလို ပျူစောထီးတပ်ဖွဲ့ဝင်အဖြင့် နေခိုင်းခဲ့ပါသေးတယ်။

အဲဒီလုပ်ရပ်တွေကြောင့် ဒေသခံတချို့ဟာ ကျေးရွာကနေ ထွက်ပြေးတိမ်းရှောင်နေတာမျိုးတွေလည်း ရှိတယ်လို့ သိရပါတယ်။

စာတည်း – 007

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။