ရွှေဘိုမှာ တပတ်အတွင်း ပုဂ္ဂလိကဝန်ထမ်းတွေအပါ လူငယ်အမျိုးသား ၅၀ ကျော် စစ်မှုထမ်းအတွက် ဖမ်းဆီးခံရ

0 18
0 18

ရွှေဘို၊ ဇန်နဝါရီ ၁၄၊ ၂၀၂၆ ။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်နဲ့အနီးဝန်းကျင်တွေမှာ ဇန်နဝါရီလဒုတိယပတ်အတွင်း လူငယ်အမျိုးသား ၅၀ ဦးကျော် စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

ဇန်နဝါရီ ၆ ရက်ကနေ ၁၂ ရက်အတွင်းမှာ စစ်ကော်မရှင်တပ်သား၊ ရဲ၊ ပျူစောထီး၊ ထွေအုပ်ဝန်ထမ်းတွေပါတဲ့ ပူးပေါင်းအဖွဲ့အင်အား ၄၀ကျော်ဟာ ရွှေဘိုမြို့တွင်း၊ စက်မှုဇုံ၊ ဘူတာ၊ မြို့အဝင်အထွက်နေရာတွေနဲ့ ရွှေဘိုမြို့ကနေ မင်းကုန်းရွာအထွက်လမ်းပိုင်းတွေမှာ အသက် ၁၈ကနေ ၃၅ နှစ်အကြားရှိ လမ်းသွားလမ်း လာတွေကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

” ကလေးပါသွားတဲ့နေ့ကဆို ၁ ရက်တည်း ၂၁ ယောက်။ အဲ့နေ့နောက်ပိုင်း ၄၊ ၅ ယောက် နေ့တိုင်းဆွဲတယ်။ မနက်ခင်းတွေ့ တွေ့တဲ့သူအကုန်ဆွဲသွားတာပဲ။ ၆ နာရီ ၈ နာရီလောက်ထိ နေရာစုံမှာဖမ်းဆွဲတာ”လို့ ပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့ ရွှေဘိုမြို့ခံလူငယ်နဲ့နီးစပ်သူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ရွှေဘိုမြို့ပေါ်က ပုဂ္ဂလိကဆေးရုံဝန်ထမ်း၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း၊ စက်မှုဇုံဆန်စက်ဝန်ထမ်း၊ အမြန်ချောပို့ဝန်ထမ်းတွေနဲ့ လက်လုပ်လက်စားလူငယ်တွေပါဝင်ပြီး စစ်ကော်မရှင်ပူးပေါင်းတပ်တွေ ပေါ်တာဆွဲဖမ်းဆီးခဲ့တဲ့ ဇန်နဝါရီလဒုတိယပတ်အတွင်း ရွှေဘိုမြို့ပေါ်မှာ လူသွားလူလာ မရှိသလောက်အထိ နည်းပါးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးထားသူတွေကို စစ်ကော်မရှင်တပ်တွေတပ်စွဲထားတဲ့ ရွှေဘိုမြို့ စုပေါင်းရုံးမှာထိန်းသိမ်းထားပြီး လက်ရှိမှာ အစားအသောက်တွေနဲ့အဝတ်အထည်တွေ ပေးပို့ခွင့်ရထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့လူငယ်တွေကို ရွှေဘိုမြို့အခြေစိုက် အမှတ် ၈ စစ်အခြေခံလေ့ကျင့်ရေးတပ်မှာ ဆေးစစ်ထားပြီး လက်ရှိမှာ စစ်သင်တန်းကျောင်းကို ပို့ဆောင်ခံရဖို့ စောင့်ဆိုင်းနေရတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ်က ၂၀၂၄ ဖေဖော်ဝါရီလမှာ စစ်မှုမထမ်းမနေရဥပဒေထုတ်ပြန်ပြီးနောက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းအထိ ပြည်သူ့ စစ်မှုထမ်းသင်တန်းအပတ်စဥ် ၂၀ အထိဖွင့်လှစ်ထားခဲ့ပြီး လစဥ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်းသင်တန်းအပတ်စဥ်တွေမှာ လူဦးရေပြည့်မီစေရေး ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်ဆောင်နေကာ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတွေက လူငယ်တွေကို ပစ်မှတ်ထား ဖမ်းဆီးနေတာလည်း ဖြစ်ပါတယ်။

Get Daily News

Subscribe my Newsletter for new blog posts, tips & new photos. Let's stay updated!

Donate Us Safely

မြေလတ်အသံ သတင်းဌာနသို့ လုံခြုံစိတ်ချစွာလှူဒါန်း နိုင်ပါသည်။ 

Related Post

Donate Us

Donate Us Safely

ကျွန်တော်တို့ မြေလတ်အသံသတင်းဌာန သို့ လုံခြုံစွာ လှူဒါန်းနိုင်ပါသည်။